မအူပင်မြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံ

မအူပင် ၂၃ နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စုတွင် အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပေကုန်းကျေးရွာအုပ်စု မြတ်ဆုယူတန်ဆောင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေကျန်းမာရေးဆရာမ ဒေါ်ဇင်နွယ်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုရှိ အမျိုးသမီးငယ် ၄၉ ဦးအား (ပထမ)အကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်သည်။

​အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးသည် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များအား တစ်နှစ်ခြား ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ယခု ပထမအကြိမ်ထိုးနှံကာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ဒုတိယအကြိမ်ထိုးနှံပေးမည် ဖြစ်သည်။

မအူပင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၈၈ အုပ်စုရှိပြီး ကျေးရွာခွဲပေါင်း ၄၄၂ ရွာရှိသဖြင့် သားအိမ်ခေါင်းကင်ဆာ (HPV) ထိုးနှံရန် အသက် ၉ နှစ်မှ ၁၀ နှစ် အမျိုးသမီးငယ် ၃၃၁၃ ဦးရှိရာ နယ်မြေအလိုက် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)