Mandalay Travel Fair 2019 မန္တလေးခရီးသွားပြပွဲကျင်းပ

မန္တလေး  ၁၄    ဒီဇင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုကူညီမှုဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း OutBound ကော်မတီတို့ ပူးပေါင်းကျင်းပသော Mandalay Travel Fair 2019 မန္တလေးခရီးသွားပြပွဲကြီးကို မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်

 

ပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် တို့က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင် များအသင်းဉက္ကဋ္ဌ ဦးနောင်းနောင်းဟန်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဉက္ကဋ္ဌ ဦးမျိုးရီနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စီးပွားကူးသန်းရေးရာကော်မတီဉက္ကဋ္ဌ ဒေါက်တာချစ်ကိုကို တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း OutBound ကော်မတီဉက္ကဋ္ဌ ဒေါ်ခိုင်သဇင်နှင်း က ခရီးသွားပြပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများ က အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြခန်းများအား လှည့်လည်ကြည့်ရူသည်။

 

ပြပွဲတွင် တိုင်းရင်းသားလူမျိုးစုများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် ဒီဇင်ဘာ ၁၄ ရက် မှ ၁၅ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးသွားကုမ္ပဏီများ၏ ပြခန်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပစ္စည်း အရောင်းပြခန်းများနှင့် အစားအသောက်ပြခန်းများ၊  စုစုပေါင်းပြခန်း(၁၀၀)ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း (ပြန်/ဆက်)