“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၄ နိုဝင်ဘာ

“မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းအမှုထမ်းမျာက Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသအသီးသီးမှ ပါဝင်တက်ရောက်ကြပြီး အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပထမအသုတ် စီမံကိန်း (၅)ခု၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဒုတိယအသုတ် စီမံကိန်း (၅)ခုနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တတိယသုတ် စီမံကိန်း (၄)ခု ရရှိခဲ့ပြီး စုစုပေါင်း စီမံကိန်း (၁၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထအသုတ်တွင် နှစ်ရှည်သီးနှံဌာနခွဲက (၂)ခုနှင့် ကော်ဖီရာသီဌာနခွဲက (၁)ခု၊  စုစုပေါင်းစီမံကိန်းလုပ်ငန်း (၃)ခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိထားကြောင်း၊ အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါများဖြစ်ပွားမှုကြောင့် နှောင့်‌နှေးကြန့်ကြာမှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်းများ ညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် စီမံကိန်းကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်