မာဆေးဆိုက်ဒါဘီတွင် ဗန်ဒိုက်ကို ဒဏ်ရာရစေခဲ့သည့် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို အနီကဒ် ဖြင့် ထုတ်ပယ်ရန်  လီဗာပူးပရိသတ်များ လိုလား

၁၈ အောက်တိုဘာ

 

မနေ့ညက  ယှဉ်ပြိင်ခဲ့တဲ့  အဲဗာတန်နဲ့ လီဗာပူးအသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီမှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့်  ဒဏ်ရာရရှိကာ ပွဲကို ဆက်လက် မကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီအတွက် လီဗာပူးပရိသတ်အများစုကတော့ ပစ်ဖို့ဒ်ကို တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ များပြားနေပါတယ်။ ပစ်ဖို့ဒ်ရဲ့  ဘောလုံးရှင်းထုတ် မှုက ဗန်ဒိုက်ရဲ့ ခြေနှစ်ဖက်ကြားထဲကို  ခြေစုံပစ်ဝင်တဲ့အနေအထားနဲ့ အဖျက်ကြမ်းခဲ့တာကြောင့် ဗန်ဒိုက်ဟာ ပစ်ကျခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ပေမယ့် မသက်သာတာကြောင့် ပွဲကို ဆက်လက် မကစားနိုင်တော့ဘဲ လူစားလဲခဲ့ရပါတယ်။

 

ပင်နယ်တီစည်းထဲမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပင်နယ်တီပေးပြစ်ဒဏ်ပေးသင့် မပေးသင့် VAR နဲ့ ပြန်စစ်ခဲ့ရာမှာလည်း ဗန်ဒိုက်က လူကျွံအနေအထားမှာ ရှိနေခဲ့လို့ ပင်နယ်တီ မရခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး ပရိသတ်တွေကတော့   သူတို့အသင်းရဲ့ အဓိကကစားသမား  ဗန်ဒိုက်ကို ဒဏ်ရာရစေခဲ့တဲ့ ပစ်ဖို့ဒ်ကို အနီကဒ်ပြ ထုတ်ပယ်သင့်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ်ကနေ တောင်းဆိုမှုတွေ မြင့်တက်နေဆဲပဲဖြစ်ပါတယ်။

 

အရင်က မာဆေးဆိုက်ဒါဘီရဲ့ အနေအထားဟာ ယခုလောက် ပရိသတ်ကို ဆွဲဆောင်နိုင်မှု မမြင့်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့  လီဗာပူးကလည်း လက်ရှိချန်ပီယံဖြစ်သလို အဲဗာတန် ကလည်း  ပရီးမီးယားလိဂ်မှာ ရလဒ်တွေ အထူးကောင်းမွန်နေလို့ မာဆေးဆိုက်ဒါဘီရဲ့ အရှိန်အဝါဟာ ယခင်နှစ်တွေကထက် ပိုမိုအားကြီးလာခဲ့တာဖြစ်ပါတယ်။

 

မေလဲ့သင်း