လူသတ်မုဒိမ်းမှု ကျူးလွန်သူတွေလို့ သံသယရှိသူတွေ ပစ်သတ်ခံရ

၆ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက်လူသတ်မုဒိမ်းမှု ကျူးလွန်သူလို့ သံသယရှိသူလေးဦးကို ဒီကနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။ အဲဒီသံသယရှိသူတွေဟာ ဖမ်းဆီးထားစဉ် လက်နက်လုပြီးထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အစောင့်ရဲသားတွေက ပစ်သတ်လိုက်ကြောင်း တာဝန်ရှိသူကပြောပါတယ်။

 

သံသယရှိသူ လေးဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အသက်၂၇ နှစ်အရွယ် တိရစ္ဆာန်ဆေးကု ဆရာဝန်မ တစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့သူတွေလို့ စွပ်စွဲခံခဲ့ရပါတယ်။

 

တိမွေးကုဆရာဝန်မက သူမရဲ့ မော်တော်ဆိုင်ကယ်ကို ရပ်ထားစဉ် ဘီးပေါက်အောင် ပြုလုပ်ပြီး အခုစွပ်စွဲခံရသူတွေက ပြင်ပေးမယ်ပေးပြောကာ မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့ကြောင်း၊ အဲဒီဆရာဝန်မအလောင်းကို လူအသွားအလာနည်းတဲ့ တံတားတစ်စင်းအောက်မှာ မီးရှို့ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

 

အဲဒီကိစ္စဖြစ်အပြီးမှာ သံသယရှိသူ လေးဦးလုံးကို ဖမ်းဆီးခဲ့ရာ ရာချီတဲ့လူတွေက သံသယရှိသူတွေ ဖမ်းဆီထားရာ ရဲစခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီကိစ္စကြောင့် ဆန္ဒပြမှုတွေ ပျံ့နှံ့သွားပြီး ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုတာမျိုးနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ သေဒဏ်ပေးဖို့အထိ တောင်းဆိုတာမျိုးဖြစ်ခဲ့ပါတယ်။

 

သံသယရှိသူလေးဦး ဒီကနေ့ သေဆုံးသွားတဲ့အတွက် ရာချီတဲ့လူတွေ စုရုံးပြီး မီးရှူးမီးပန်းများ ပစ်ဖောက်သလို ရဲတပ်ဖွဲ့ဝင်တွေကို ပန်းပွင့်တွေနဲ့ ပစ်ပေါက် ဂုဏ်ပြုကြတာကို တွေ့ရပါတယ်။

MDN