လူ့သမိုင်းမှတ်တမ်းဖြင့် တိုင်းကျိုးပြည်ပြု

၂၅ နိုဝင်ဘာ

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးလာသောကာလတွင် ဆိုရှယ်မီဒီယာများသည် ပြည်သူများအတွက် လက်လှမ်းတမီ အချိန်နှင့်တစ်ပြေးညီ ဗဟုသုတ ရှာဖွေမျှဝေနိုင်သော အကျိုးရှိသည့် ကြားခံပစ္စည်းဖြစ်လာသည်။ ယင်းအချိန်အခါတွင် ပုံနှိပ်မီဒီယာ အပေါ် စိတ်ဝင်စားမှု လျော့ပါးလာသည်ဟုဆိုသော်လည်း မပစ်ပယ်နိုင်သေးသည့် အကျိုးရလဒ် ကောင်းများရှိနေသည်ကို သတိမူရမည်ဖြစ်သည်။

မည်သို့ပင် တိုးတက်သည်၊ မတိုးတက်သည်ဆိုသော်လည်း သူ့နေရာနှင့်သူ အားသာချက်၊ အားနည်းချက်များရှိနေသည်ဖြစ်ရာ အားနည်းချက် များကိုကျော်လွှား၍ အားသာချက်များကို ယူရမည်ဖြစ်သည်။ မီဒီယာလောကတွင် သတင်းစာသည် အခြေခံအကျဆုံးအရင်းအမြစ်ဖြစ်သည်။ ဆိုရှယ်မီဒီယာသည် အကြောင်းအရာများကို ချက်ချင်း လက်ငင်းသိနိုင်သော်လည်း တိကျခိုင်မာမှု အားနည်းသည်။ ပုံနှိပ်မီဒီယာသည် အချိန် နောက်ကျမှ သိရသော်လည်း တိကျခိုင်မာမှုအားကောင်း သည် စသည်ဖြင့် အားသာချက်၊ အားနည်းချက်များ သူ့နေရာနှင့်သူ ရှိနေသည်။

သတင်းစာဆိုသည်မှာ လူ့သမိုင်းကို မှတ်တမ်းတင်ရသော ပစ္စည်းတစ်ရပ်ဖြစ်သည်။ ယနေ့ အကြောင်းအရာများသည် နောက်တစ်နေ့တွင် သမိုင်းဖြစ်၍ ဖတ်ရှုအပ်သည့်အရာဖြစ်သည်။ သတင်းစာဟူသည် အသိဉာဏ် ပွင့်လင်းမှုများစီးဆင်းရာ သန့်စင်ကြည်လင်သော မြစ်ကြီးပမာဟု ကမ္ဘာကျော်သမိုင်းပါမောက္ခ တွိုင်းဦးက ရေးသားထားသည်။ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နေသောအခါ၌၊ နိုင်ငံကို ပြုပြင် ပြောင်းလဲဆောင်ရွက် နေသောအချိန်၌ အကျိုးရှိမှန်ကန်သော အသိပညာဗဟုသုတများ စီးဆင်း နေသည့်သတင်းစာများကို ဖတ်ရှုရ မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ “သမိုင်းဆိုတာ တကယ်လေ့လာတတ်ရင်၊ သမိုင်းကို သုံးသပ်တတ်ရင် ကျွန်မတို့နိုင်ငံသမိုင်းတင်မဟုတ်ဘူး ကမ္ဘာ့ သမိုင်းပေါ့။ ပြောရမယ်ဆိုရင် လူသားတွေရဲ့ သမိုင်းပေါ့။ လူသားတွေဆိုတာ ခေတ်အဆက်ဆက်၊ ခေတ်ပေါင်းများစွာ ဘယ်လိုစိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တယ်။ ယဉ်ကျေးမှုတွေက ဘယ်လို ပြောင်းလဲခဲ့တယ်။ အခုခေတ်မှာဆိုရင် အရင်ခေတ်တွေနဲ့ ဘယ်လိုကွာခြားတာတွေရှိသလဲ။ ဒါတွေကို အများကြီး သိနိုင်ပါတယ်။ သိခြင်းအားဖြင့်လည်း ကျွန်မတို့အနေနဲ့အနာဂတ်ကို ဘယ်လို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မလဲဆိုတဲ့ အကြံဉာဏ်တွေ၊ အတွေး အခေါ်တွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်မကနေပြီးတော့ နိုင်ငံတော် သတင်းစာတွေကိုလည်း တတ်နိုင် သလောက်ဖတ်ပါဟု ပြောကြားခဲ့သည်။

သတင်းစာသည် လူ့သမိုင်းကို မှတ်တမ်းတင်ရသော ပစ္စည်းဖြစ်သဖြင့် ထူးခြားသောအကြောင်း အရာတို့ကို သတင်းဆောင်းပါး၊ အထူး ဆောင်းပါး အနေဖြင့် အရေးကြီးတိုင်း၊ အကြောင်းဆုံတိုင်း တင်ပြလေ့ရှိသည်။ နိုင်ငံများ၏ မျက်မှောက်ကာလအဖြစ်အပျက် အခြေအနေများသာမက ပြည်တွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မည်သည့်ဒေသ တွင် မည်သို့ အကောင်အထည်ဖော်နေသည်၊ အကောင်အထည်ဖော်နိုင်သည်။ မည်သည့်အကျိုးရလဒ်များ ရရှိသည်တို့ကို သတင်းစာများတွင် ဖတ်ရှုလေ့လာ နိုင်မည် ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို တိတိကျကျ မှန်မှန်ကန်ကန်သိရှိနိုင်ပြီး မျက်မှောက်ကာလတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်အလက်များ စွာကို ရရှိ နိုင်မည် ဖြစ်သည်။

သတင်းစာသည်လူ့သမိုင်း၏မှတ်တမ်းသဖွယ်ဖြစ်သည်။ ခေတ်သမိုင်း၏ ကြေးမုံပြင်ဖြစ်သည်။ ထို့ကြောင့် မိမိနိုင်ငံအတွက် အကျိုးရှိမည့်သမိုင်း အချက်အလက်များသာမက ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်ဖြစ်ပျက်နေသော သမိုင်းအချက်အလက်များပါ သိရှိဖို့လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကို သိမှသာလျှင် ထိုနိုင်ငံ၏အနာဂတ်လိုအပ်ချက်များကို ပို၍သဘောပေါက် နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိနိုင်ငံ၏ အရင်းအမြစ် နှင့်အင်အားများ၊ မိမိနိုင်ငံ၏ အားနည်းချက်၊ အားသာချက်များအား သတင်းစာမှ လူ့သမိုင်း မှတ်တမ်းများကို လေ့လာကြည့်ခြင်းအားဖြင့် များစွာသိနိုင် မည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်စည်းလုံးမှု၊ ငြိမ်းချမ်းမှု၊ လုံခြုံအေးချမ်းမှု၊ တည်ဆောက်မှုများ ထူထောင်ဆဲ ကာလ၌ နိုင်ငံတော်သတင်းစာများကို ဖတ်ရှုခြင်းအားဖြင့် သိစရာများ၊ မှတ်စရာများ၊ လုပ်စရာများ များစွာရှိသည်ကို သတိမူမိကြပေလိမ့်မည်ဖြစ်ပြီး သတင်းစာများမှ အသိပညာ ဗဟုသုတများ၊ အသိ စိတ်ဓာတ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ပျံ့နှံ့ကာ မိမိအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးထမ်းဆောင်ရေး အတွက် နေ့စဉ်အထောက်အကူပြုနေသည်ဟု ရှုမြင်ပါကြောင်း။ ။

ကြေးမုံ