လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး  သွားရောက်သည့် ရဟတ်ယာဉ်အား  AA လက်နက်ကိုင်အဖွဲ့က စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါလာသည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေး သွားရောက်ခဲ့သည့် ရဟတ်ယာဉ်သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် AA လက်နက်ကိုင်အဖွဲ့က မြေပြင်မှစက်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်းများအား မူလအစီအစဉ် အတိုင်း ဆောင်ရွက်နိုင်ခဲ့သည်။ ဒဏ်ရာအပြင်းအထန်  ရရှိထားသဖြင့် စစ်တွေဆေးရုံတွင် ကုသမှုခံယူနေသူ ကျောင်းသူ မခင်မေဦးအား ရန်ကုန်မြို့သို့ စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ  မခင်မေဦးသည် ရန်ကုန်တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁၃ ရက်တွင် ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး စာသင်ကြားနေသော မူလတန်းလွန် ကျောင်းသား ကျောင်းသူ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားလျှင်ဖြစ်ချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့သည် ခမွေချောင်းကျေးရွာသို့ အမြန်ဆုံး သွားရောက်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ထောက်ပံ့ခြင်း၊ ဒဏ်ရာရ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်အဖွဲ့သည် AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရန် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ရာတွင် ရာသီဥတုဆိုးရွား နေသဖြင့် အနိမ့်ပျံ၍ ပျံသန်းလာစဉ်မြေပြင်မှ AA လက်နက်ကိုင်အဖွဲ့က စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်၏ ရှေ့ဦးပိုင်း လေယာဉ်မောင်းထိုင်ခုံ နောက်ဘက် ရဟတ်ယာဉ် ဝမ်းဗိုက်ကြမ်းပြင်မှ ဖောက်ဝင်ပြီး လေယာဉ် မောင်းအခန်းနှင့် ခရီးသည်အခန်းတို့ကို ကန့်ထားသော နံရံကို ကျည်ထိမှန်ခဲ့သည်။ ထိုသို့ ကျည်ဖောက်ဝင်မှုကြောင့်  ရဟတ်ယာဉ်ဝမ်းဗိုက် သတ္တုပြားသည် တစ်လက်မကျော် ခန့် ပေါက်ပြဲသွားပြီး ဝါယာရိန်းအချို့ ပျက်စီးသွားခဲ့သော်လည်း ဆက်လက်ပျံသန်းခဲ့ရာ ဘူးသီးတောင်မြို့သို့ ဆင်းသက်နိုင်ခဲ့သည်။ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ရဟတ်ယာဉ်ကို ၃ နာရီခန့်အချိန်ယူ၍ ပြန်လည် ပြုပြင်ခဲ့ရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဒဏ်ရာရရှိ၍ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည့် မူလတန်းလွန်  ကျောင်းသူတစ်ဦးနှင့် မိသားစုဝင်များအား တွေ့ဆုံပြီး ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများ ဆောင်ရွက်ခြင်း၊ ဆေးရုံခန်းမဆောင်၌ ဒဏ်ရာရ မူလတန်းလွန်ကျောင်းသား၊ ကျောင်းသူကလေးငယ် ၁၅ ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံပြီး ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

AA လက်နက်ကိုင်အဖွဲ့ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မူလတန်းလွန် ကျောင်းသား ကျောင်းသူများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် သွားရောက်ခဲ့သည့် ရဟတ်ယာဉ်ကို AA လက်နက်ကိုင် အဖွဲ့ကပင် မြေပြင်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ AA လက်နက်ကိုင်အဖွဲ့သည် အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ နေရာများ၊ အထူးသဖြင့် စာသင်ကျောင်းနှင့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ မပြုလုပ်သင့်သလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် သွားလာနေသည့် ရဟတ်ယာဉ်အပါအဝင် အခြားသော ယာဉ်များအား ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းများအား ရှောင်ကြဉ်ရန်လိုအပ်သည်။

 

သတင်းစဉ်