လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 

Novel Coronavirus (COV) အစ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ လူတွင် အမည်မဖော်ထုတ်နိုင်သော အဆုတ်ရောင် ရောဂါဖြစ်ပွားတွေ့ရှိခဲ့ပြီး များမကြာမီ တရုတ်အာဏာပိုင်များက Novel Coro-navirus (COV) အသစ်ကြောင့် ဖြစ်သော ရောဂါဟု သတ်မှတ်နိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံရှိ ပြည်နယ်အများစု၏ ရောဂါဖြစ်ပွားမှုနှင့် အခြားသောနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု၏ အရင်းအမြစ်သည် တရုတ်နိုင်ငံ ဟူ‌ပေပြည်နယ် ဝူဟန်မြို့သို့ ခရီးသွားခဲ့ကြောင်းနှင့် ကူးစက် ခံသူများမှာ တိရစ္ဆာန်အရှင်များ အပါအဝင် သား/ငါး ရောင်းချသည့် (Sea food Market) စျေးများနှင့် ဆက်စပ်မှုရှိ ကြောင်း အစီရင်ခံစာများအရ သိရှိရသည်။ နိုင်ငံတကာ ဗိုင်းရပ်စ်အမျိုးအစားခွဲခြားရေး ကော်မတီမှ COV ကို SARS COV2 ကဲ့သို့ သိပ္ပံအမည်အရ COVID - 19 ဟု သတ်မှတ်ခဲ့ကြသည်။


Coronavirus ဆိုသည်မှာ

Coronavirus သည် RNA ဗိုင်းရပ်စ် မျိုးရင်းတွင် ပါဝင်သည်။ Coronavirus ၏ ပုံစံသည် lipid enveloped ကို ဆူးချွန်ပုံစံ ပရိုတင်း (spike protein) များဖြင့် ဝန်းရံထားပြီး “corona”(crown) ပုံစံဖြစ်နေသော ကြောင့် Coronavirus ဟု ခေါ်ခြင်းဖြစ် သည်။ လူတွင် Coronavirus ကူးစက်မှု ကို ၁၉၆၀ ပြည့်နှစ်များမှ စတင်သိရှိလာခဲ့ပြီး Coronavirus မျိုးကွဲ Alpha, Beta, Gamma နှင့် Delta လေးမျိုးရှိကြောင်း သိရှိရသည်။


ယနေ့ အချိန်ထိ လူသားများနှင့် အများအားဖြင့် လင်းနို့အပါအဝင် အချို့တိရစ္ဆာန်များတွင် Coronavirus ကြောင့် ရောဂါဖြစ်ပွားနိုင်သည်ကို တွေ့ရသည်။ အချို့သော Alpha နှင့် Beta Coro- navirus အမျိုးအစားများသည် လူတွင်သာ ကူးစက်မှု တွေ့ရှိရသည်။ တစ်ခါတစ်ရံ တိရစ္ဆာန်တွင်ဖြစ်သော Coronavirus သည် ဗီဇပြောင်းခြင်း (gene mutation) စွမ်းရည် များ ရရှိကာ လူတွင် စတင်ကူးစက်ခံရပြီး နောက် လူအချင်းချင်းကူးစက်ဖျားနာတတ် သော SARS- Severe Acute Respiratory Syndrome (ကြောင်ကတိုးမှတစ်ဆင့် လူသို့ ကူးစက်ခြင်း) နှင့် MARES- Middle East Respiratory Syndrome (ကုလားအုပ်မှ တစ်ဆင့် လူသို့ ကူးစက်ခြင်း) ကဲ့သို့သော ဗိုင်းရပ်စ်အသစ်များ ဖြစ်ပေါ်နိုင်သည်။ SAR COV-2 (ကိုဗစ်-၁၉) သည်လည်း ဗီဇပြောင်း (gene mutation) Coronavirus အသစ် ဖြစ်သည်။ (zoonotic) ဗီဇပါရှိသည့် လူအချင်းချင်း လျင်မြန်စွာ ကူးစက်နိုင်သော ကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီ ဖြစ်သည်။


ကိုဗစ်နိုင်တီး (COVID-19) ကမ္ဘာ့ကပ်ရောဂါ

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအပါအဝင် အချို့သောနိုင်ငံများမှအပ လတ်တလော အသက်ရှူလမ်းကြောင်း ရောဂါခေါ် COVID-19 သည် ကမ္ဘာတစ်ဝန်း နိုင်ငံ ၁၉၀ ကျော် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် (Pandemic Form) ပျံ့နှံ့သွားခဲ့သည်။ WHO အဖွဲ့ကြီးမှ COVID-19 ကို ကမ္ဘာ့ကပ် ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး လူမှ လူသို့ ကူးစက်ခြင်းကို ခေါ်ခြင်းဖြစ်ကာ တိရစ္ဆာန် မှ လူသို့ ကူးစက်ခြင်းမျိုးကို ခေါ်ဆိုလေ့မရှိပါ။


လူတွင် ဖြစ်ပွားသော COVID- 19 အတွက် တိရစ္ဆာန်များနှင့် သက်ဆိုင်မှု ရှိ/မရှိ

ရောဂါကူးစက်မှုလမ်းကြောင်းအရ လူမှလူသို့သာ ကူးစက်ဖြစ်ပွားသည်ကို တွေ့ ရသည်။ လက်ရှိဖြစ်ပွားနေသော COVID -19 ဗိုင်းရပ်စ်၏ အရင်းအမြစ်သည် တိရစ္ဆာန်မှ လူသို့ ကူးစက်ခြင်းဖြစ်သည်ဟု ယူဆချက်ရှိပါသည်။ အထောက် အထားများ ရှာဖွေဆဲ ဖြစ်ပါသည်။ လေ့လာမှုများတွင် ရောဂါကူးစက်စေနိုင်သော တိရစ္ဆာန်အမျိုးအစားကို သိရှိရန်နှင့် အရေးကြီးသော ရောဂါလက်ခံကောင် တိရစ္ဆာန်အမျိုးအစားကို ခန့်မှန်းရန်အတွက် စုံစမ်းလေ့လာမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။


တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်မှု လမ်းကြောင်းကို သိပ္ပံပညာရပ်အနေဖြင့် ယနေ့ထိတိုင် အတည်ပြုခြင်းနှင့် ရှင်းလင်းတင်ပြခြင်းကို မတွေ့ရှိရသေးပါ။ မျိုးရိုးဗီဇဆက်စပ်မှု လေ့လာမှုအချက်အလက်များအရ COVID-19 ဗိုင်းရပ်စ် သည် Rhinolophus bat ဟုခေါ်သော လင်းနို့၊ လင်းဆွဲများရှိ အခြားသော ကိုရိုနာဗိုင်းရပ်စ် (COV) အမျိုးအစားနှင့် ဆက်နွှယ်မှုတွေ့ရှိရကြောင်း သိရှိရသည်။ လင်းနို့၊ လင်းဆွဲများသည် လူသို့ ရောဂါကူးစက်နိုင်သည့် ကြားခံရောဂါ လက်ခံကောင်အနေဖြင့် ပါဝင်သည်။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့ ပူးပေါင်း ၍ Global Research and Innovation forum (11-12 February 2020) ကို ပြုလုပ်ခဲ့ပြီး တိရစ္ဆာန်မှ စတင်၍ ရောဂါဖြစ်ပွားမှု စတင် သော အချက်အလက်များကို ဦးစားပေး သုတေ သနပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


လူနှင့် တိရစ္ဆာန်အကြား အပြန်အလှန်ကူးစက်မှု မဖြစ်စေရန် ဂရုပြုစေလို

အိမ်မွေးတိရစ္ဆာန်အပါအဝင် မည်သည့် တိရစ္ဆာန်မျှ လတ်တလော အသက်ရှူလမ်းကြောင်းရောဂါခေါ် COVID-19 ပိုးကြောင့် ရောဂါဖြစ်နေသည်ဟူသော အထောက်အထားများ ယနေ့အချိန်အထိ မတွေ့ရသေးပါ။ သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တိရစ္ဆာန်ဆေးကု အာဏာပိုင်များမှ လတ်တလော အသက်ရှူလမ်းကြောင်းရောဂါခေါ် COVID-19 ခံစားနေရသော လူနာနှင့် အနီးကပ် အတူတကွနေထိုင်သော ၎င်း၏ အိမ်မွေးခွေးတွင် COVID-19 ရောဂါပိုးကို Real time PCR ဖြင့် ရှာဖွေတွေ့ရှိရကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ခဲ့သည်။


သို့သော်လည်း အဆိုပါခွေးတွင် မည်သည့်ရောဂါလက္ခဏာမျှမပြဘဲ ကျန်းမာလျက်ရှိနေသည်မှာ ထူးခြားသည့် အခြေအနေတစ်ခုဖြစ်သည်။ ထိုကဲ့သို့ လူမှတိရစ္ဆာန်သို့ ပြန်လည်ကူးစက်တတ်ခြင်းရောဂါမျိုးကို (Reverse Zoonosis) ဟု ခေါ်ဆိုလေ့ရှိသည်။ ယနေ့အချိန်ထိ အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားမှုကို မတွေ့ရှိရသေးသော်လည်း အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်မှုစျေးကွက်နှင့် ရွေ့လျားသွားလာမှုကို တားမြစ်ကန့်သတ်ခြင်းကိုလည်း ယနေ့တိုင် မတွေ့ရှိရသေးပါ။


မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်နှင့် Coronavirus ကာကွယ်ရေး စူးစမ်းလေ့လာဆောင်ရွက်မှု

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အမေရိကန်နိုင်ငံရှိ Smithsonian Institution တို့ပူးပေါင်း၍ USAID’s Emerging Pandemic Threats Program (PREDICT -2 Myanmar) အဖြစ် ဗိုင်းရပ်စ်ရောဂါများ (Paramyxoviridae (e.g. Henipavirus of fruit bats), Orthomy-xoviridae (Influenza viruses), Filoviridae (Ebola, Marburg), Coronaviridae (SARS/ MERS) အန္တရာယ် အလားအလာများ ကြိုတင်ခန့်မှန်းခြင်း စူးစမ်းလေ့လာမှုတစ်ခုကို ခေတ်မီ မော်လီကျုလာနည်းပညာများ အသုံးပြု၍ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်ရှိသည့် လင်းနို့ဂူ အချို့တွင် ပြုလုပ်ခဲ့သည်။ လေ့လာမှုများအရ coron-avirus မျိုးစိတ်အသစ်အချို့ တွေ့ရှိခဲ့သော်လည်း လူသို့ ကူးစက်တတ်သော (zoonotic potential) အမျိုးအစား ဗိုင်းရပ်စ်မျိုးစိတ်များ မဟုတ်ကြောင်းနှင့် လင်းနို့များတွင် သဘာဝအလျောက်တွေ့ရှိရသော မျိုးကွဲများဖြစ်ကြောင်း သိရှိသည်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက်ဆောင်ရွက်မှု

အစားအစာဖူလုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန် အချင်းချင်း ကူးစက်သောရောဂါများနှင့် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်သောရောဂါများ မဖြစ်ပွားစေရေးနှင့် ဆုံးရှုံးမှုများ လျော့နည်းစေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ ခရိုင် ၄၁ ခရိုင်ရှိ မြို့နယ် ၁၆၄ မြို့နယ်တွင် “မွေးမြူရေးခြံများ၊ ကုန်သွယ် ရေးလမ်းကြောင်းများ၊ စျေးများ” တွင် “အသိပညာပေးခြင်း၊ ပိုးသတ်သန့်စင်ရေး ဆောင်ရွက်ခြင်း၊ ဇီဝလုံခြုံရေးများတိုးမြှင့်ရန် ပညာပေးခြင်းနှင့် ကောင်းမွန် သောမွေးမြူရေး ကျင့်စဉ်များနှင့်မွေးမြူရန် စည်းရုံးဟောပြောခြင်းနှင့် ရောဂါစူးစမ်းထောက်လှမ်းခြင်း ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ” ဆောင်ရွက်ခဲ့သည်။


တိရစ္ဆာန်အရှင်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုဆောင်ရွက်သင့်

COVID-19 ဖြစ်ပွားမှုစတင်သည့် မူလဇာစ်မြစ်ကို သေချာစွာ မသိရသောကြောင့် အထွေထွေကြိုတင်ကာကွယ်မှု အနေဖြင့် တိရစ္ဆာန်အရှင်ရောင်းချစျေး၊ အသားစိမ်း ရောင်းချစျေး၊ တိရစ္ဆာန်ထွက်ပစ္စည်းရောင်းချစျေးများသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကာကွယ်ရန်အတွက် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ရန် အကြံပြုထားသည်။ လက်ကိုဆပ်ပြာဖြင့် ပုံမှန်ဆေးကြောခြင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးခြင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များကို ပွတ်ခြင်း ရှောင်ကြဉ်ရန်နှင့် နာမကျန်းသော တိရစ္ဆာန်နှင့် ဆွေးမြည့်၊ ပုပ်သိုးနေသော တိရစ္ဆာန်ထွက်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်သင့်သည်။
ဖြစ်နိုင်ပါက စျေးများတွင် နေထိုင် သော ခွေးလေခွေးလွင့်၊ ကြောင်၊ ကြွက်၊ ငှက်နှင့် လင်းနို့များနှင့် အခြားသောတိရစ္ဆာန် များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် စျေးဆိုင်မျက်နှာပြင်ပေါ်နှင့် စျေးအသုံး အဆောင်ပစ္စည်းများနှင့် မြေကြီးပေါ်ရှိ တိရစ္ဆာန်အညစ်အကြေး၊ အကျိ အချွဲ၊ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။


လက်ကို သေချာစွာ ဆေးပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါ ကူးစက်ပျံ့နှံ့ခြင်းကို ကာကွယ်ရန် ပုံမှန်လက်ကို ဆပ်ပြာဖြင့်ဆေးခြင်း၊ နှာခေါင်းနှင့် ပါးစပ်ကို အကာအကွယ် ပြုလုပ်ခြင်း၊ ချောင်းဆိုး၊ နှာစေးတိုင်း တံတောင်ဆစ်ဖြင့် အကာအကွယ်ပြုလုပ်၍ ဆိုးခြင်း၊ ချောင်း ဆိုး၊ နှာစေးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာပြပါကအခြားသော သူများနှင့် ထိတွေ့ခြင်း မပြုရန် လမ်းညွှန်ထားသည်။


အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် အသားစိမ်း၊ နို့၊ တိရစ္ဆာန်များ၏ ကိုယ်တွင်းကလီစာများကို ဂရုစိုက်ကိုင် တွယ်ရန်၊ အစားအစာများမှတစ်ဆင့် ရောဂါ ကူးစက်ခြင်း မရှိစေရန်အတွက် သေချာ ချက်ပြုတ်စားသုံးရန်၊ ကျန်းမာ၍ ရောဂါ ကင်းရှင်းသော တိရစ္ဆာန်မှ အသားများကို သာ သေချာချက်ပြုတ်၍ စားသုံးရန်လိုအပ် သည်။ လက်ရှိ ရရှိထားသော သတင်းများ အရ ကုန်သွယ်မှုလမ်းကြောင်းကို ကန့်သတ် တားမြစ်ထားခြင်း မရှိသေးပါ။


အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်

COVID-19 ဗိုင်းရပ်စ်ရောဂါဖြင့် အိမ်မွေးနှင့် အခြားတိရစ္ဆာန်များတွင် နာမကျန်းဖြစ်ခြင်းအတွက် မည်သည့် သတင်းပေး ပို့မှုမျိုးမှ မရှိခဲ့ပါ။ လက်ရှိအချိန်အထိ COVID - 19 ဗိုင်းရပ်စ်ရောဂါသည် လူအချင်းချင်းကူးစက်ပြီး ရောဂါဖြစ်သည်ကို တွေ့ရှိရသည်။ သို့သော်လည်း တစ်ခါတစ်ရံ တိရစ္ဆာန်နှင့် လူသားများအကြား အပြန်အလှန်ရောဂါကူးစက် ဖြစ်ပွားတတ် သောကြောင့် COVID-19 ဗိုင်းရပ်စ်ရောဂါဖြင့် နာမကျန်းလူများကို တိရစ္ဆာန်၊ လူထုနှင့် ထိတွေ့ခြင်း မပြုလုပ်ရန် သတိပြုသင့်သည်။


တိရစ္ဆာန်နှင့် ထိတွေ့ကိုင်တွယ်စဉ်နှင့် မွေးမြူသူများတွင် အခြေခံအားဖြင့် တိရစ္ဆာန် နှင့် မထိတွေ့ခင်နှင့် ထိတွေ့ပြီးချိန်၊ တိရစ္ဆာန် အစာများနှင့်ထိတွေ့ပြီးချိန်၊ အစာကျွေးမွေး ချိန်မတိုင်နှင့် အစာကျွေးပြီးချိန်တွင် လက်ဆေးခြင်း၊ တိရစ္ဆာန်များကို အနမ်းပေးခြင်း မပြုလုပ်ရန်၊ တိရစ္ဆာန်မှ လျှာဖြင့်လျက်ခြင်းကို မခံရန်နှင့် အစာကို မျှဝေစားခြင်းတို့ကို ရှောင်ကြဉ်ရန်လည်း အရေးကြီးပါသည်။


ဖြစ်နိုင်ပါက ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများအနေဖြင့် ၎င်းတို့၏ အိမ်မွေး တိရစ္ဆာန်များကို ထိတွေ့ခြင်း၊ မိသားစုဝင်များ၊ အခြားသောလူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း မပြုလုပ်ရန် ဂရုပြုရမည်။ ဖျားနာသူ သို့မဟုတ် COVID-19 ဗိုင်းရပ်စ်ရောဂါ သံသယရှိသူများ အနေဖြင့် ဖြစ်နိုင်ပါက face mask တပ်ပြီးမှ သာ ၎င်းတို့၏ တိရစ္ဆာန်ကို ကြည့်ရှုစောင့်ရှောက်ခြင်းကို ပြုလုပ်ရမည်။


ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ COVID-19 ဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အနေဖြင့် အာရှဒေသတွင်းနှင့် ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ OIE ကိုယ်စားလှယ်တာဝန်ရှိသူများ၊ အမျိုးသားအဆင့် တိရစ္ဆာန်ဆေးကုဌာနမှ တာဝန်ရှိသူ ကိုယ်စားလှယ်များ၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နောက်ဆုံးရသတင်းများကို အပြန်အလှန် မျှဝေခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။


OIE မှ ပညာရှင်များ ပါဝင်သောကွန်ရက်အဖွဲ့မှ လက်ရှိ ရောဂါဖြစ်ပွားမှုအကြောင်း ရင်းအပေါ် စုံစမ်းမေးမြန်းခြင်းများ ပြုလုပ် လျက်ရှိသည်။ မဟုတ်မမှန်သော ကောလာဟလသတင်းနှင့် တရားဝင်မဟုတ်သော သတင်းများကို နေ့စဉ် စောင့်ကြည့်စစ်ဆေး လျက်ရှိသည်။ COVID-19 နှင့် အလားတူ လူတွင်ဖြစ်ပွားသော အခြားသောရောဂါများ ပေါ်ထွက်လာပြီး လူနှင့် တိရစ္ဆာန်များကို ရောဂါကူးစက်စေနိုင်သည့် အလားအလာများကို စောင့်ကြည့်စစ်ဆေးလျက်ရှိ သည်။


OIE အကြံပေးအဖွဲ့က အနာဂတ်တွင် ရောဂါဖြစ်ပေါ်စေနိုင်သော ဘေးအန္တရာယ် ဆိုင်ရာအချက်များ လျော့ကျစေရန် အတွက် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှုစျေးကွက်နှင့် စားသုံးမှုအပေါ်တွင် တားမြစ်ကန့်သတ်ခြင်းများ လုပ်ဆောင်ရန် အကြံပြုထားသည်။


ထို့ကြောင့် COVID-19 လူနှင့် တိရစ္ဆာန်များအကြားတွင် အပြန်အလှန်ကူးစက်မှုကို ကာကွယ်ရန် One Health (တစ်ခု တည်းသော ကျန်းမာရေး) ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဝိုင်းဝန်းကာကွယ်သွားကြရန် လိုအပ်ကြောင်း ပြည်သူသို့ တင်ပြလိုပါသည်။   ။