လူငယ်နှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်

ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ကို နှစ်စဉ်မေလ ၃၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပကြသည်။ ယခုနှစ်တွင် ဆေးလိပ်ဆေးရွက်ကြီး ထုတ်လုပ်၊ ရောင်းဝယ်သူများက လူငယ်များကို ဦးတည်ဆွဲဆောင်ပြီး စီးပွားရေး အကျိုးအမြတ်အတွက် အရောင်းမြှင့်တင် ဆောင်ရွက်လျက်ရှိခြင်းများကို ကာကွယ်တားဆီးရန် ရန်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ် ဆောင်ပုဒ်အဖြစ် "The tobacco industry is targeting a new generation; Speak out. # Tobacco Exposed” အဖြစ် သတ်မှတ်ထားသည်။ ယင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက “ရောင်းဝယ်သူတို့ ပစ်မှတ်သဖွယ် လူငယ်များကို သတ်မှတ်တယ်၊ အသိဉာဏ်နဲ့ရှောင်ဖယ်ဝေး ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ဘေး”ဟု တရားဝင် ဘာသာပြန်ဆိုထားသည်။

 

လူငယ်လူရွယ်များအား ဆေးလိပ်ကုမ္ပဏီကြီးများက ပစ်မှတ်ထားဆောင်ရွက်

 

Philip Morris International ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်အရာရှိကြီးတစ်ဦးက “လူငယ်တွေကို ပစ်မှတ်ထား ကြော်ငြာရတာ ကုန်ကျစရိတ်များ လှပေမယ့် လူငယ်လေးတွေဟာ စမ်းသပ်ချင်တဲ့ စိတ်ရှိပြီး အခြားလူငယ် ကလေးတွေကိုလည်း ဩဇာလွှမ်းမိုးနိုင်ဆုံး ဖြစ်ကြတာက တစ်ကြောင်း၊ ကိုယ် စတင်သောက်မိတဲ့ စီးကရက်တံဆိပ်ကို သစ္စာစောင့်ထိန်းကာ စွဲစွဲမြဲမြဲ သုံးတတ်ကြတဲ့အတွက် ပိုမိုထိရောက်ကြောင်း” ဟု ပြောကြားခဲ့သည်။ ။

 

ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နေ့စဉ် သေဆုံးလျက်ရှိသည့်အတွက် သုံးစွဲသူများ လျော့ကျမသွားစေရန်နှင့်  သေဆုံးသွားသူများ၏ နေရာများ ပြန်လည် ဖြည့်တင်းရန် ဆေးလိပ်သောက်သူ လူသစ်များ လိုအပ်လာသည်။ ထိုသို့ လိုအပ်သော လူသစ်များ ရရှိရန် စီးကရက်စက်ရုံများ၊ လုပ်ငန်းများ ပုံမှန်လည်ပတ်၍ ကြီးမားသော အမြတ်အစွန်း ဆက်လက်ရရှိစေရန်အတွက် လူငယ် အသည်းကျော်များကို အသုံးပြုကာ ကြော်ငြာခြင်းသည် ပစ်မှတ်သစ်များကို အသေအချာ ထိမှန်ကြောင်း ဆေးလိပ်ကုမ္ပဏီ အမှုဆောင်အရာရှိဟောင်းတစ်ဦးက ဆိုသည်။ ဆေးလိပ်စသောက်သောအသက် ငယ်လေလေ နီကိုတင်းနှင့် ဆေးရွက်ကြီး သောက်သုံးမှု အန္တရာယ်ကို ပို၍ခံစားရလေလေ ဖြစ်သကဲ့သို့ ဆေးလိပ်ဖြတ်ရန် ပိုမိုခက်ခဲလေဖြစ်သည်။ ။

 

ဖွံ့ဖြိုးပြီးနိုင်ငံများက ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ ကြော်ငြာခြင်းကို တားမြစ်ခြင်း၊ ဆေးလိပ်လုပ်ငန်းကြီးများမှ အကုန်အကျခံ တာဝန်ယူထောက်ပံ့ ဆောင်ရွက်သော ပြပွဲ၊ ပြိုင်ပွဲများကို ခွင့်မပြုခြင်း၊ စီးကရက်ဈေးတင်ခြင်း၊ ပြည်သူများအား ဆေးလိပ်၊ ဆေးရွက်ကြီး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလျက် ရှိသောကြောင့် စီးကရက် လုပ်ငန်းရှင်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်လာကြပြီး အသက် ၁၄ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များကို ပိုမိုပစ်မှတ်ထားလာသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံရှိ အသက် ၁၈ နှစ်မကျော်မီ လူငယ်လေးများ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို ပိုမိုခံစားလာရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် Global Youth Tobacco Survey အရ အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသားလူငယ် ၂၁ ရာခိုင်နှုန်း နှင့် ကျောင်းသူ ၂ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သုံးနေကြောင်းနှင့် ကျောင်းသား ၁၁ ရာခိုင်နှုန်းနှင့် ကျောင်းသူ၂ ရာခိုင်နှုန်းတွင် ကွမ်းစားသုံးမှု ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

 

ထုတ်လုပ် ရောင်းဝယ်သူတို့၏ နည်းလမ်းများ

 

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အီးစီးကရက် တို့တွင်ပါဝင်သော နီကိုတင်းသည် ပြင်းထန်စွာ စွဲလမ်းစေပြီး ငယ်စဉ်ဘဝတွင် စတင်စမ်းသပ်အသုံးပြုမိပါက နောက်ပိုင်းတွင် ဆေးလိပ်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲနိုင်ခြေ နှစ်ဆပိုများ ပါသည်။ ထို့ကြောင့် ဆေးလိပ်၊ ဆေးရွက်ကြီးလုပ်ငန်းရှင်များသည် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အီးစီးကရက် စသည့်ပစ္စည်းများကို လူငယ်လူရွယ်များ ပိုမိုအသုံးပြုလာစေရန် နည်းလမ်းမျိုးစုံဖြင့် အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆောင်ရွက်လျက်ရှိသည်။ အီးစီးကရက်၊ ရှီရှား စသည့်ပစ္စည်း အသစ်များကို လူငယ်များအကြိုက် အနံ့ အရသာမျိုးစုံဖြင့် ထုတ်လုပ်ရောင်းချခြင်း၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ လူမှုကွန်ရက်များတွင် ၎င်းပစ္စည်းများကို ပြသ၍ ဆွဲဆောင်ခြင်း၊ ကြော်ငြာခြင်း၊ ကုန်အမှတ်တံဆိပ် ပါဝင်သည့် ပစ္စည်းများ အခမဲ့ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ကျင်းပပေးခြင်းဖြင့် လူငယ်များ ပိုမိုသိရှိပြီး အသုံးပြုလာစေရန်  ဆောင်ရွက်လျက်ရှိကြသည်။ ။

 

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် နီကိုတင်းစွဲလမ်းခြင်း၏ အန္တရာယ်

 

ဆေးလိပ်သောက်သူများသည် ဆေးလိပ်ပုံမှန်သောက်သုံးခြင်းကို ဆယ်ကျော်သက်အရွယ်တွင် စတင်လေ့ရှိပြီး ဘဝတစ်လျှောက်တွင် ဆေးလိပ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားလေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်း အရွယ်ရောက်ပြီး ဆေးလိပ်သောက်သုံးသူ သုံးပုံတစ်ပုံသည် အကူအညီမယူဘဲ ဆေးလိပ် ဖြတ်ရန် ကြိုးစားလေ့ရှိပြီး နီကိုတင်း၏ အာနိသင်ကြောင့် စွဲလမ်းသွားသဖြင့် ရက်ပိုင်းအတွင်း ဆေးလိပ် ပြန်သောက်လေ့ရှိကြောင်း တွေ့ရှိရသည်။ ဆေးလိပ်ဖြတ်ရန် ကြိုးစားသူများ၏ ၃ ရာခိုင်နှုန်းသာ ၁၂ လကျော်သော ရေရှည်ဆေးလိပ်ဖြတ်ခြင်းကို ရရှိနိုင်ကြောင်း တွေ့ရှိရသည်။ ဆေးလိပ် သောက်ခြင်းသည် ဖြတ်တောက်ရန် ခက်ခဲသော နာတာရှည်စွဲလမ်းစေသည့် ရောဂါတစ်မျိုးပင်ဖြစ်သည်။ ပျမ်းမျှအားဖြင့် ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်လျှင် ၁၀ နှစ်ခန့် သက်တမ်းပိုတိုကြောင်း တွေ့ရှိရသည်။

 

ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့် အသစ်ထွက်ပေါ်လာသည့် ပစ္စည်းများ

 

ဆေးရွက်ကြီးကို အသုံးပြု၍ ထုတ်လုပ်သုံးစွဲသည့် ဆေးရွက်ကြီးထွက် ပစ္စည်းများမှာ အမျိုးပေါင်း စုံလင်လှပေသည်။ အငွေ့ထွက်သော ဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် စီးကရက်၊ ဆေးပေါ့လိပ် (ရှမ်းဖက်လိပ်)၊ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက်လိပ်၊ ကွမ်းဖက်လိပ် ဘီဒီ (ကုလားဆေးလိပ်)၊ ဆေးတံ၊ ရေပြောင်း၊ အငွေ့မထွက်သော ဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် ဆေးရွက်ကြီးခြင်း၊ ရှူခြင်း၊ ကွမ်းယာထဲတွင် ဆေးရွက်ကြီးထည့်၍ စားခြင်း၊ ကွမ်းယာထဲတွင် ဆေးပေါင်း၊ နှပ်ဆေးစသည်ထည့်၍ စားခြင်း၊ ဆေးရွက်ကြီးကို ရေစိမ်၍ သောက်ခြင်း၊ ဆေးရွက်ကြီးကို သံပရာ၊ ရှောက်သီး စသည်ဖြင့် နှပ်ခြင်း၊ အရက်ဖြင့် စိမ်ခြင်း၊ ရေဖြင့်စိမ်ခြင်း စသည်တို့အပြင် အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသော 45, 95, 100, Signal, Zarda စသည့် တံဆိပ် အမျိုးမျိုးပါ ဆေးပေါင်းများလည်း ပါဝင်သည်။

 

လူငယ်များ ဆေးလိပ်သောက်ခြင်း၊ အစားထိုးပစ္စည်းသုံးစွဲခြင်းမှ ကာကွယ်ရန် နည်းလမ်းများ

 

လူငယ်လူရွယ်များကို ဆေးလိပ်သောက်ခြင်း၊ အစားထိုးပစ္စည်းသုံးစွဲခြင်းတို့မှ ကာကွယ် တားဆီးပေးနိုင်ရန် အကြောင်းတရား အရင်းအမြစ်များဖြစ်သည့် ဆေးလိပ်ကုမ္ပဏီကြီးများက နည်းမျိုးစုံဖြင့် ပံ့ပိုးမှုကို ပိတ်ပင်ခြင်း၊ အမြတ်ခွန်များ ပိုမိုစည်းကြပ်ခြင်း၊ ဆေးလိပ်တန်ဖိုးကို တိုးမြှင့်သတ်မှတ်ခြင်း၊ ၁၈ နှစ်အောက် ကလေးငယ်များအား ဆေးလိပ်ရောင်းချပေးခြင်းမှ တားမြစ်ခြင်း၊ နိုင်ငံခြားမှတင်သွင်းမှု လျှော့ချခြင်းနှင့် လုံးဝပိတ်ပင်ခြင်း၊ ပစ္စည်းအသစ်များ တင်သွင်းခြင်းကို ပိတ်ပင်တားဆီးခြင်း၊ ဆေးလိပ် ကြော်ငြာများကို တားဆီးခြင်း၊ ဆေးလိပ်ဆိုးကျိုးများကို အများပြည်သူ နှင့် အထူးသဖြင့် လူငယ်လူရွယ်လေးများ နားလည်သဘောပေါက် သိရှိစေရန် စဉ်ဆက်မပြတ် ရှုထောင့်အမျိုးမျိုးမှ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းသားအရွယ်လူငယ်များ လမ်းမှားသို့ မရောက်မိစေရန်နှင့် လမ်းမှန်ရွေးချယ်မိစေရန် လမ်းညွှန်မှုနှင့် နှစ်သိမ့်အကြံပေး ဆွေးနွေးမှုများ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် တားဆီးရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် ပါဝင်ဆောင်ရွက်မှု

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းသည် အကျိုးသက်ရောက်မှု များပြားပြီး ခိုင်မာသော သက်သေအထောက်အထား များစွာရှိသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်သည့်အားလျော်စွာ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ" (The control of smoking and consumption of tobacco products Law) ကို ၂၀၀၆ ခုနှစ် မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြည်သူလူထုနှင့် လူငယ်လူရွယ်များအား ဆေးရွက်ကြီးအန္တရာယ်မှ ကာကွယ်သည့် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ နှီးနွယ်ဝန်ကြီး ဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆောင်ရွက်မှုများ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လူငယ်လူရွယ်များကို ဘေးဖြစ်စေသည့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အသစ်ထွက်ပေါ်လာသည့် ပစ္စည်းများ အန္တရာယ်မှကာကွယ်ရန် အောက်ပါလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည် -

 

ပြောင်းလဲလာသောခေတ် အခြေအနေများနှင့်အညီ လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့ပါသည်။

 

ဥပဒေပိုင်းဆိုင်ရာ ပိုမိုခိုင်မာပြည့်စုံစေရန်နှင့် အသစ်ထွက်ပေါ်လာသည့် ပစ္စည်းများကို ထိန်းချုပ်နိုင်ရန် တည်ဆဲ ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ (၂၀၀၆)ကို အသစ် ပြန်လည်ရေးဆွဲရန် ဆောင်ရွက်လျက်ရှိပါသည်။ ။

 

ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပညာရေးဝန်ကြီးဌာန အပါအဝင် နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆွေးနွေးမှုများဖြင့် ငါးနှစ်တာလုပ်ငန်း စီမံကိန်းကို ရေးဆွဲရန် ဆောင်ရွက်လျက်ရှိပါသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၏ Article 5.3 အရ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များက ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်ရန်နှင့် အနှောင့်အယှက် မပေးနိုင်ရန် ရည်ရွယ် ၍ဆေးလိပ်နှင့် ဆေးရွက်ကြီး လုပ်ငန်းရှင်များနှင့် ဆက်ဆံရာတွင် နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းကို ရေးဆွဲထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ။

 

လူငယ်၊ လူရွယ်များနှင့် ဝင်ငွေနည်းပါးသော ပြည်သူများ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို လက်လှမ်း မမီစေခြင်းဖြင့် သုံးစွဲမှု လျှော့ချရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည့်နှုန်းထားအတိုင်း ကောက်ခံရန်နှင့် ရိုးရှင်းသော အခွန်စည်းကြပ်စနစ်ဖြင့် ကောက်ခံခြင်း အတွက် ရေတို၊ ရေရှည်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

 

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ (၂၀၀၆) ပါ ရည်ရွယ်ချက်ဖြစ်သော ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင် ထူထောင်ခြင်းဖြင့် အများပြည်သူကို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန် သင်တန်းပေးခြင်း၊ အသိပေးရှင်းလင်းခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များနှင့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များကို ဆေးလိပ်ငွေ့ကင်းစင် တက္ကသိုလ်များအဖြစ် ထူထောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများ

 

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးနှင့် နီကိုတင်းပါသည့်ပစ္စည်းများ သုံးစွဲခြင်းတို့ကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲစေခြင်း၊ အမှုန်များကို ထုတ်ပစ်သည့် အသက်ရှူလမ်းကြောင်းရှိ အမွေးကလေးများကို  ပျက်စီးစေခြင်း၊ ခန္ဓာကိုယ်၏ခုခံအားစနစ်ကို ဆွပေးခြင်း၊ ဆဲလ်ကလပ်စီးများကို ပျက်စီးစေခြင်း၊ မျိုးရိုးဗီဇကို ပြောင်းလဲစေခြင်း၊ ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်စေခြင်း၊ သွေးကြောများကိုမာ၍ ကျဉ်းစေပြီး ခန္ဓာကိုယ်အနှံ့ ရောဂါများ ဖြစ်ပွားစေခြင်း၊ မီးခိုးတွင် ပါဝင်သော ဓာတ်များသည် ခံတွင်း၊ လေပြွန်၊ အဆုတ်၊ သွေးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့၊ ထိုမှ ဆီးအထိ ပျံ့နှံ့သွားခြင်း စသည့်ဖြစ်စဉ် များဖြစ်စေသည်။ ဖော်ပြပါဖြစ်စဉ်များကြောင့် ခန္ဓာကိုယ်အနှံ့ ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကာလကြာရှည်စွာ သုံးစွဲခြင်းဖြင့် သုံးစွဲသူများ၏ ထက်ဝက်နီးပါးကို အရွယ်မတိုင်မီ အသက်ဆုံးရှုံးစေပါသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ အဆ ၃၀ မှ ၄၀ အထိ မြင့်တက်စေပါသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့သည် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း ၂၅ ဆမှ အဆ ၃၀ အထိ မြင့်မားလာစေပါသည်။ အန္တရာယ်ကင်းသော စိတ်ချရသော ဆေးလိပ်၊ ဆေးရွက်ကြီးဟူ၍မရှိပါ။

 

ဖော်ပြပါဖြစ်စဉ်များကြောင့် ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့် ဆေးပါသော ကွမ်းစားခြင်းတို့ကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာရောဂါ အမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း၊ ပြင်းထန်သည့်သွေးတိုးရောဂါ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း၊ နာတာရှည်အဆုတ်ရောဂါ စသည့် ရောဂါများအပြင်၊ ခြေပုပ်လက်ပုပ် ရောဂါကြောင့် ခြေ၊ လက်ဖြတ်ပစ်ရခြင်း၊ အမျိုးသားများတွင် ပန်းသေပန်းညှိုးရောဂါ၊ အိမ်ထောင်ရေးသုခအပြည့်အဝ မခံစားနိုင်ခြင်း စသည်တို့ ခံစားရနိုင်ပါသည်။

 

ကိုယ်ဝန်ဆောင်မိခင်များတွင် ဖော်ပြခဲ့သည့် ရောဂါများအပြင် သားပျက် သားလျှောခြင်း (ကိုယ်ဝန်ပျက်ခြင်း)၊ ကလေးအသေမွေးဖွားခြင်း၊ လမစေ့/ ပေါင်မပြည့်ကလေး မွေးဖွားခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းချက် ပါလာခြင်း၊ မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်နိုင်ပါသည်။ ဆေးလိပ်ငွေ့ကိုရှူရှိုက်ရသည့် လသားကလေးများ အိပ်နေစဉ် ရုတ်တရက်သေဆုံးခြင်း၊ နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်း၊ ကလေးငယ်များ ရင်ကျပ်ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်းများ ပိုဖြစ်ခြင်း စသည့်ရောဂါများ ဖြစ်ပွားစေပါသည်။ လူငယ် လူရွယ်များ အရွယ်နှင့်မလိုက်အောင် အိုမင်းရင့်ရော်စေခြင်း၊ အရွယ်ကျစေခြင်း၊ အမောမခံနိုင်၍ အားကစားစွမ်းရည် လျော့နည်းစေခြင်းများ ဖြစ်နိုင်ပါသည်။

 

ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် စီးပွားရေးထိခိုက်ပျက်စီးမှု

 

ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးအရ နှစ်စဉ် မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံ ဆုံးရှုံးခဲ့ရပြီး ထိုပမာဏသည် ၂၀၁၆ ခုနှစ် GDP ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၈ ခုနှစ်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ပြုလုပ်ခဲ့သည့် "Investment Case for Tobacco Control in Myanmar" cocoon စစ်တမ်းအရ သိရှိရပါသည်။ ဝင်ငွေနည်းပါးသော မိသားစုများသည် ဝင်ငွေ ျားသော မိသားစုများထက် ဆေးလိပ်၊ ဆေးရွက်ကြီးကို ပိုမိုသုံးစွဲကြပြီး၊ မိသားစုကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားကြောင်း အဆိုပါသုတေသနရလဒ်အရ သိရှိရပါသည်။ ။

 

ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု

 

ကမ္ဘာပေါ်တွင် နှစ်စဉ်သစ်တောပြုန်းတီးမှု၏ ငါးရာခိုင်နှုန်းသည် ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဖြစ်ပါသည်။ ၄ ဒသမ ၅ ထရီလီယံ ပမာဏရှိသော ဆေးလိပ်တိုများကို နှစ်စဉ်စွန့်ပစ်လျက်ရှိခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေနေသတ္တဝါများ၏ အသက်ရှင်ရပ်တည်ရေးကို ခြိမ်းခြောက်လျက်ရှိပါသည်။

 

ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ကျန်းမာရေးပြဿနာ

 

ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၈ သန်းသည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ လေဖြတ်လေငန်း ရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုး အစရှိသည့် ရောဂါများကြောင့် အရွယ်မတိုင်မီ စောစီးစွာ သေဆုံးလျက်ရှိပြီး ထိုအထဲမှ လူပေါင်း(၁)သန်းသည် တစ်ပါးသူ၏ ဆေးလိပ်ငွေ့ကြောင့် ရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးလျက်ရှိကြောင်းနှင့် အများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်းတွေ့ရပါသည်။ Global Burden of Disease ၂၀၁၆ အရ မြန်မာနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၆၄,၀၀၀ ခန့်သည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရောဂါမျိုးစုံဖြစ်ပွားကာ သေဆုံးလျက်ရှိကြောင်း၊ Hospital Statistics Reports ၂၀၁၆ အရ ဆေးရုံတက်လူနာ ၄၂ ရာခိုင်နှုန်းနှင့် ဆေးရုံတက်ရောက်ပြီး သေဆုံးသူလူနာ ၅၁ ရာခိုင်နှုန်းသည်လည်း အထက်ဖော်ပြပါ ရောဂါများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

 

ယခုကဲ့သို့ အန္တရာယ်ကြီးမားပြီး ကျန်းမာရေးအတွက်သာမက လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းများကို များစွာဖြစ်စေသည့် ၊ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်မှ မြန်မာနိုင်ငံကို ကာကွယ်တားဆီးနိုင်ရန် လူငယ်လူရွယ်များကစပြီး ပြည်သူလူထုမှ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများ မပြုလုပ်ခြင်းဖြင့် ဝိုင်းဝန်းကူညီကြပါစို့ဟု ကမ္ဘာ့ဆေးလိပ်မသောက် ရေးနေ့ အထိမ်းအမှတ်အဖြစ် တိုက်တွန်းလိုက်ရပါသည်။

 

ဒေါက်တာကျော်ကံကောင်း၊ ညွှန်ကြားရေးမှူး၊

ဒေါက်တာမြလေးနွယ်၊ ဒုတိယညွှန်ကြားရေးမှူး၊

(မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)