လူငယ်လိဂ်ပြိုင်ပွဲများကို ပုံစံပြောင်းလဲကျင်းပရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီ စီစဉ်

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ရာသီမှစတင်ကာ လူငယ်လိဂ်ပြိုင်ပွဲများကို ပုံစံပြောင်းလဲကျင်းပရန် စီစဉ်နေပြီး ပြိုင်ပွဲနှစ်ခုသာ ကျင်းပ၍ MNL နှင့် MNL-2 ကလပ်အသင်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၉ ရာသီအထိ MNL ကလပ်အသင်းများအတွက် ယူ-၁၉ နှင့် ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ MNL-2 ကလပ်အသင်းများအတွက် ယူ-၁၈ နှင့် ယူ-၂၀ လိဂ်ပြိုင်ပွဲတို့ ကျင်းပခဲ့သော်လည်း ကစားသမားများ ပွဲများများ ကစားခွင့်ရရန် ရည်ရွယ်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

 

၂၀၂၀ ရာသီတွင် ယူ-၁၉ နှင့် ယူ-၂၁ လိဂ်ပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး MNL နှင့် MNL-2 ပြိုင်ပွဲဝင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ပြောင်းလဲလိုက်သည့် ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ကစားသမားများအနေဖြင့် ယခင်က တစ်ရာသီလျှင် ပွဲ ၂၀ ဝန်းကျင်သာ ကစားရသော်လည်း လာမည့်ရာသီမှစတင်ကာ ပွဲ ၄၀ နီးပါး ကစားခွင့်ရမည် ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၁ ရာသီတွင် အသက်ကန့်သတ်ချက် ပြောင်းလဲမည်ဖြစ်ပြီး ယူ-၁၈ နှင့် ယူ-၂၀ လိဂ်အဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေဖြင့် လူငယ်ကစားသမားကောင်းများ ထွက်ပေါ်လာရန်နှင့် ပွဲအရေအတွက်များစွာ ကစားရသောကြောင့် အရည်အသွေးပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာရန် ကျင်းပသည့်ပုံစံ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၉ ရာသီတွင် MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၌ MFF Youth အသင်း၊ ယူ-၁၉ လိဂ်ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊ MNL-2 (ပထမတန်း) ယူ-၂၀ လိဂ်ပြိုင်ပွဲ၌ မြဝတီအသင်း၊ ယူ-၁၈ လိဂ်ပြိုင်ပွဲ၌ အား/ကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်