လူငယ်ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်ကျင်းပသည့် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို ဇုန်လေးဇုန်ခွဲ၍ ကျင်းပမည်

၂၈  ဇွန်

 

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ် ကျင်းပသည့် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို ယခုနှစ်အတွင်း စတင်ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ ကျင်းပခွင့်ရရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ ခွင့်ပြချက် တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး စက်တင်ဘာတွင် စတင်ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲကို ဇုန်လေးဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၂၄ သင်း ပါဝင်မည်ဖြစ်ကာ ဇုန်တစ်ခုလျှင် အနည်းဆုံးငါးသင်း ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ ပါဝင်သည့် လူငယ်လိဂ်ပြိုင်ပွဲကို ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များနှင့် ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်စီမံကိန်းများကို အရှိန်တိုးမြင့် ကျင်းပသွားမည်ဖြစ်ပြီး ယူ-၁၄ လူငယ်လိဂ် ပြိုင်ပွဲအပေါ် မူတည်၍ ယူ-၁၆ လူငယ်လိဂ်ပြိုင်ပွဲကိုပါ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

သတင်း-ညီမြတ်သော်တာ