လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ရှိ စာအုပ်အရောင်းဆိုင်များတွင် သုတရသစာအုပ်များ သာမက နည်းပညာရပ်ဆိုင်ရာစာအုပ်များပါ ရောင်းအားကောင်း

မကွေး  ၁၅   ဒီဇင်ဘာ 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် လာရောက်ဖွင့်လှစ်ရောင်းချနေသည့် စာအုပ်ဆိုင်များ၌ သုတရသစာအုပ်များသာမက နည်းပညာရပ်ဆိုင်ရာစာအုပ်များပါ ရောင်းအားကောင်းနေကြောင်း အဆိုပါစာအုပ်အရောင်းဆိုင်များမှ သိရသည်။

 

ေ

 

မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပလျက်ရှိသော လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ မကွေးမြို့ခံ စာအုပ်ဆိုင်များသာမက ရန်ကုန်မြို့ရှိ စာပေဖြန့်ချိရေးဆိုင်များမှလည်း လာရောက်ဖွင့်လှစ်ရောင်းချလျက်ရှိရာ စာအုပ်ဆိုင်ပေါင်း ၆၀ မှ သုတရသနှင့် နည်းပညာရပ်ဆိုင်ရာစာအုပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ ပဟေဠိအမေးအဖြေစာအုပ်များနှင့် ပုံပြင်စာအုပ်များ စသည်ဖြင့် စာအုပ်အမျိုးအစားစုံလင်စွာ ရောင်းချပေးလျက်ရှိသည်။

 

ေ

 

“ကျွန်တော်တို့ဆိုင်မှာ ကိုယ်တိုင်ထုတ်ဝေဖြန့်ချိတဲ့ သုတရသစာအုပ်တွေ ရောင်းချပေးပါတယ်၊ ဒီပွဲတော်က လူငယ်ပွဲတော်ဖြစ်တဲ့အတွက် သုတရသစာအုပ် တွေသာမက နည်းပညာရပ်ဆိုင်ရာစာအုပ်တွေကိုပါ လူငယ်တွေရော ဆရာ ဆရာမတွေပါ အဓိကရွေးချယ်ဝယ်ယူကြတာ တွေ့ရတယ်၊ ပွဲတော်ကာလနှစ်ရက်မှာ တစ်နေ့ကို နှစ်သိန်းဖိုးလောက် ရောင်းရတယ်၊ ကျွန်တော်တို့က ဒီပွဲတော်မှာ ၂၀ ရာခိုင်နှုန်း လျော့ဈေးနဲ့ ရောင်းပေးပါတယ်၊ စာအုပ်ရောင်းအားကတော့ ထင်ထားတာထက်ပိုပြီး ရောင်းအားကောင်းပါတယ်” ဟု ရန်ကုန်မြို့မှ လာရောက်ဖွင့်လှစ်ရောင်းချသည့် လင်းလွန်းခင်စာပေမှ ကိုသန်းထိုက်ဝင်းက ပြောသည်။

 

ေ

 

ထို့ပြင် စာအုပ်အမျိုးအစားစုံလင်စွာ ခင်းကျင်း၍ တစ်အုပ်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန် ရောင်းချပေးနေသည့် မိဘမေတ္တာစာပေမှ ဦးလှဝင်းကလည်း “ကျွန်တော်တို့ဆိုင်မှာ လူငယ်တွေရော လူကြီးတွေပါ အဝယ်များတာကတော့ ဘာသာရေးနဲ့ ပဟေဠိအမေးအဖြေစာအုပ်တွေအပြင် စက်မှုနဲ့ဆိုင်တဲ့ နည်းပညာရပ်စာအုပ်တွေ ပိုပြီးရောင်းအားကောင်းတာ တွေ့ရတယ်၊ ရောင်းအားအခြေအနေကတော့ တစ်နေ့ကို ကျပ်သုံးသိန်းဝန်းကျင်ဖိုးလောက် ရောင်းရတယ်”ဟု ပြောသည်။

အဆိုပါပွဲတော်သို့ မကွေးတိုင်းဒေသအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ တက္ကသိုလ်ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များ ဆရာဆရာမများနှင့် ဒေသခံပြည်သူများ လာရောက်ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓါတ်ပုံ-ဟိန်းမင်းစိုး