လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကြိုတင်ပြင်ဆင်နေမှု စကားသံများ

(ဝေလျှံ)

အနာဂတ်နိုင်ငံတော်ကို အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မကွေးတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ရာ သုတ၊ ရသနှင့် ပျော်ရွှင်မှုများစွာကို ခံစားရရှိမည့် အဆိုပါပွဲတော်တွင် ပါဝင်ကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

 

mdn

ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး (မကွေးတက္ကသိုလ်)

အခုကျင်းပမဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်(မကွေး)မှာ တိုင်းဒေသကြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်၊ စာပေပြခန်းများ ခင်းကျင်းရေးဆိုင်ရာ အတွင်းရေးမှူးနဲ့ ကော်မတီအသီးသီးရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ တက္ကသိုလ် မှာရှိတဲ့ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကလည်း အခန်းကဏ္ဍ အသီးသီးက တက်ကြွစွာ ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါတယ်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)မှာ အင်္ဂလိပ်စကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲစတဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ လူငယ်ရေးရာ ဆွေးနွေးပွဲတွေမှာ မကွေးတက္ကသိုလ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူတွေ ပါဝင်ဆွေးနွေးတာရှိပါတယ်။ တက္ကသိုလ်ပြခန်းတွေအနေနဲ့ မကွေး တိုင်းဒေသကြီးမှာရှိတဲ့ အဆင့်မြင့် ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြခန်း ၂၆ ခန်း ခင်းကျင်းပြသထားတဲ့ အနက် မကွေးတက္ကသိုလ်က ငါးခန်း ပါဝင်ပါတယ်။

အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေအဖြစ် ဖျော်ဖြေရေးအစီအစဉ်တွေ၊ ပါဝင်ကပြတာတွေ ဆောင်ရွက်ထားရှိပါတယ်။ အားကစားဆိုင်ရာ လှုပ်ရှားမှုအနေနဲ့လည်း ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသဖြင့် ပြိုင်ပွဲပေါင်းစုံမှာ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ လူငယ်တွေအားလုံးကို ပွဲတော်ကြီးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ။

 

mdn

ဦးအေးထွဋ်(တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး)

ကျွန်တော်က လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်(မကွေး)မှာ အားကစားကော်မတီအနေနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အားကစားသမားရရှိဖို့အတွက် တက္ကသိုလ်တွေနဲ့ အခြေခံကျောင်းတွေကို ပါဝင်ဆင်နွှဲဖို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်။ အားကစားနည်းတွေကတော့ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ။ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအနေနဲ့ ခေါင်းအုံးရိုက်၊ ဘတ်စကက်ဘော၊ တာယာကွင်း ဘောလုံးကန်သွင်းတာ တွေ ပါဝင်မှာဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့လူငယ်တွေဖြစ်ဖို့ အားကစား လှုပ်ရှားမှုကို ဆောင်ရွက်ဖို့လိုပါတယ်။ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)မှာ ပြပွဲတွေ၊ ဖျော်ဖြေပွဲတွေကိုလည်း လာရောက်ပြီး ကြည့်ရှုပါ။ အားကစားပြိုင်ပွဲတွေကိုလည်း ပါဝင်ပါလို့ ဖိတ်ခေါ်ပါတယ်။

 

mdn

ဦးညွန့်နိုင်(ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး)

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို အောင်မြင်စွာကျင်းပနိုင်ဖို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကဦးစီးကော်မတီ၊ ဆပ်ကော်မတီ ၁၅ ခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာမှာ ကျွန်တော့်အနေနဲ့ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး နှင့် မှတ်တမ်းတင်ရေးကော်မတီ၊ စာပေဆိုင်ရာ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီတွေမှာ ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။ စာပေဆိုင်ရာကျင်းပ နိုင်ရေးလုပ်ငန်းကော်မတီမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဆွေးနွေးပွဲအနေနဲ့ တစ်နေ့ကို နှစ်ကြိမ်ကျင်းပဖို့ ပြခန်းတွေ ပါဝင်ပြသနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အသိပညာပေးပြခန်းတွေ၊ ဖျော်ဖြေရေးတွေ၊ နည်းပညာဆိုင်ရာပြခန်းတွေ၊ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တဲ့အတွက် ပါဝင်ဆင်နွှဲကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်။

 

mdn

ဒေါ်ကြူကြူဝင်း ၊ (ဒုတိယညွှန်ကြားရေးမှူး၊ အနုပညာ ဦးစီးဌာန)

လူငယ်တွေအနေနဲ့လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေအပေါ်မှာ စိတ်ဝင်စားမှုရှိလာပြီးတော့ တိုးတက်ပြန့်ပွားအောင် ထိန်းသိမ်း လိုစိတ်ဖြစ်လာအောင် ဆောင်ရွက်တာဖြစ်ပါတယ်။ လူငယ်ဘက်စုံပွဲတော် လာရောက် ကြတဲ့သူတွေကို မြန်မာအက သင်ပေးဖို့ ပြင်ဆင်ထားပါတယ်။ လာရောက် လေ့လာဖို့ ဖိတ်ခေါ်လိုပါတယ်။

 

mdn

ဒေါ်မြင့်မြင့်သိန်း(တိုင်းဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန)

လူငယ်အားလုံးပါဝင်တဲ့အတွက် ကျေးလက်ဒေသရှိ လူငယ်တွေအပါအဝင် အမျိုးမျိုးကြောင့် ပညာမသင်နိုင်တဲ့ လူငယ်တွေ၊ မသန်စွမ်းလူငယ်တွေအတွက်လည်း ထည့်စဉ်းစားဖို့ လိုအပ်တယ်။ ဒီပွဲမှာ ပြခန်းကျင်းပရေးကော်မတီ ပါဝင်ပါတယ်။ ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်က လူငယ်တွေ ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်တဲ့ တွက် အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီး ရစေနိုင်တယ်။

 

mdn

ဦးကျော်နိုင်ဦး(တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး)

လူငယ်တွေ ကြက်ခြေနီလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာအောင် ရှေးဦးပြုစုရေး ဗျူဟာတွေကိုလည်း ပြည်သူတွေအတွင်းမှာ ပျံ့နှံ့လာအောင်၊ ကြက်ခြေနီကို ဘယ်လိုဝင်ရမလဲဆိုတာ သိသွားအောင် ရည်ရွယ်ပြသရခြင်းဖြစ်ပါတယ်။ ပြည်သူတွေ ဘေးဒုက္ခရောက်တဲ့အချိန်မှာ သွားရောက်ကူညီခဲ့တဲ့ မှတ်တမ်းတွေလည်း ပါဝင်ပြသမှာဖြစ်ပါတယ်။ အဓိကကတော့ လူငယ်ထု အတွင်းမှာ ရှေးဦးပြုစုရေးပညာကို စိတ်ဝင်စားအောင်၊ တတ်မြောက်လာအောင်၊ ကြက်ခြေနီလုပ်ငန်းတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး  ဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ သွားရောက်ကူညီနိုင်အောင်  ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လူငယ်တွေကို စည်းရုံးပညာပေးသွားမှာ ဖြစ်ပါတယ်။ ။

 

mdn

ဒေါ်စိုးသီရိဖြူ (လက်ထောက်ကထိက၊ ဥပဒေပညာဌာန - မကွေးတက္ကသိုလ်)

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်  ဆိုတဲ့အတွက်လူငယ်တွေ၊ ကျောင်းသား ကျောင်းသူတွေ ပါဝင်ဆောင်ရွက်တဲ့အတွက် ကျောင်းပြီးသွားလို့ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့အခါမှာလည်း  အသိအမြင် ပိုမိုကြွယ်ဝတဲ့ကျောင်းသား ကျောင်းသူတွေ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။

 

mdn

ဦးတင့်နိုင်ထွဋ် (Head of Corporate Communications. Ooredoo Myanmar)

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကို လုပ်လာတာ အခုအခါနဲ့ဆို (၃)ကြိမ်မြောက်ပါ။ လူငယ်ဆိုတာ  အနာဂတ်လို့ပြောကြတယ်။ အဲဒီ အနာဂတ်လူငယ်တွေကို ပိုပြီး Inspiration ဖြစ်လာအောင်၊ တိုးတက်ချင်စိတ်ရှိလာအောင် အစိုးရက အဓိကထားဆောင်ရွက်ပေးနေတာကို တွေ့ရတဲ့အတွက်ကြောင့် ဂုဏ်ယူပါတယ်။ ဝမ်းသာပါတယ်။ ကျွန်တော်တို့လည်း ထပ်ပြီးတော့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားပါမယ်။ လူငယ်တွေအတွက် လေ့လာစရာ၊ ဖတ်ရှုစရာ အများကြီး ရှိပါတယ်။ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး ဘာတွေလုပ်မယ်၊ သူတို့အနေနဲ့ ဘယ်လိုပါဝင်ရမယ်လို့ သိရပါမယ်။ လူကြီးလူငယ်မရွေး လာရောက်ပါလို့ ဖိတ်ခေါ်ပါတယ်။ ။

 

mdn

မခင်သီရိကျော်(သင်္ချာဘာသာရပ်။ ဒုတိယနှစ် မဟာသိပ္ပံ)

အခုပွဲမှာ ဆုဗန်းကိုင်အဖြစ် ပါဝင်ဆင်နွှဲမှာ ဖြစ်ပါတယ်။ မကွေးတက္ကသိုလ်မှာ ပြုလုပ်တဲ့အတွက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲကို စိတ်ဝင်စားပါတယ်။ ကျောင်းသား ကျောင်းသူတွေ၊ သူငယ်ချင်းတွေ ဒီပွဲကို လာကြည့်ပေးကြပါ။ စိတ်ဝင်စားစရာတွေအများကြီး ရှိပါတယ်။

 

mdn

မခင်ဝင့်မော်ဦး ဇီဝဓာတုမေဂျာကျောင်းသူ (ဂုဏ်ထူးတန်းပထမနှစ်)

ကျောင်းရဲ့ လှုပ်ရှားမှုဖြစ်တဲ့အတွက် စိတ်ဝင်စားလို့ လာကြည့်တာပါ။ သူငယ်ချင်း လေးယောက်လည်း ပါပါတယ်။ ပြသထားတဲ့ စာအုပ်တွေ အကုန်လုံးက ဗဟုသုတရမယ့် စာအုပ်တွေပါ။ စာဖတ်ခြင်းက အကျိုးရှိပါတယ်။ အားကစားပြိုင်ပွဲတွေ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။ မေဂျာပေါင်းစုံက သူငယ်ချင်းတွေကိုလည်း အားလုံးလာရောက်ဖို့ ဖိတ်ခေါ်လိုပါတယ်။

ကြေးမုံ