လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးကစားစရာပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်

လွိုင်ကော်၊    ၁၃     ဇန်နဝါရီ 

 

ကယားပြည်နယ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကလေးကစားစရာပစ္စည်း ပြုလုပ်နည်းသင်တန်းကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းတွင် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်း၊ ဖားဆောင်းမူလတန်းကြိုကျောင်းမှ ဆရာမကြီး ဒေါ်အေးမြသီတာမိုး၊ လွိုင်ကော်မူလတန်းကြိုကျောင်းမှ လူမှု - ၄ ဒေါ်စိုးဇာမူရိုတို့က အလွယ်တကူရရှိနိုင်သော ဒေသထွက် ပစ္စည်းများဖြစ်သည့် အုန်းလျက်၊ ဝါးပိုးဝါး၊ နှီးဝါး၊ ဒေသထွက် အသီးအနှံများ၊ တန်ဖိုးနည်းပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများဖြင့် ကလေးကစားစရာ ပစ္စည်း ၁၅ မျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် စွန့်ပစ်ပစ္စည်းများ၊ ဒေသထွက်ပစ္စည်းများဖြင့် ကစားစရာများပစ္စည်းများ ပြုလုပ်ခြင်းဖြစ်သဖြင့် ပျက်စီးသွားပါက အလွယ်တကူ အစားထိုးနိုင်ခြင်း၊ ကစားစရာပစ္စည်းများ လိုက်လုပ်ခြင်းဖြင့် ကလေးများ၏ တီထွင် ဖန်တီးနိုင်သည့် စွမ်းအားများ မြင့်မားလာခြင်း စသည့်ကောင်းကျိုးများ ရရှိမည်ဖြစ်ကြောင်း ပြည်နယ် လူမှုဝန်ထမ်းရုံးမှ သိရသည်။

 

အဆိုပါသင်တန်းသို့ မူကြိုဆရာမများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ ဆရာမ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ  ၁၂ ရက်မှ ၁၆ ရက်ထိ ငါးရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(လွိုင်ကော်)