လူမှုကူညီ‌ရေး အသင်းများသို့ ကားတာယာများလှူဒါန်း   

ရန်ကုန် ၂ သြဂုတ်

 

ကိုဗစ် - ၁၉ ကာလတွင် သွားလာမှုလွယ်ကူစေရန်နှင့် အကူအညီ အထောက်အပံ့ တစ်စုံတစ်ရာ ဖြစ်စေရန်အတွက် အများအကျိူး သယ်ပိုးဆောင်ရွက်နေသော မြန်မာနိုင်ငံ နာရေးကူညီမှုအသင်းနှင့် ရှင်သန်ရေးကူညီမှု အသင်းသို့ သိန်းနှစ်ရာကျော်တန်ဖိုးရှိ ကားတာယာများ ပေးအပ်လှူဒါန်းပွဲကို သြဂုတ် ၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံ အားကစားခန်းမရှိ လူမှုကူညီရေး ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်-YRO) ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် စမ်းငွေရောင်ကုမ္ပဏီ၏ ဒါရိုက်တာဦးဝင်းလွင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စမ်းငွေရောင်မိသားစုက ရှင်သန်ရေးကူညီမှုအသင်းသို့ တာယာများ ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

"ဒီလှူဒါန်းမှုက ကိုဗစ်-၁၉ ကာလမှာ အသင်းလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပါတယ်။ ယာဉ်တွေနဲ့ တစ်‌နေရာက တစ်‌နေရာ လူနာ‌တွေကို သယ်တဲ့အခါ ဘီး‌ပေါက်တတ်တာတို့၊ တာယာကွဲတတ်တာတို့ ဖြစ်တတ်တဲ့အတွက် တစ်ကယ်လိုအပ်တဲ့ တာယာ‌တွေ လှူဒါန်း‌ပေးတာ အလွန်အကျိုးရှိပါတယ်" ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက‌ ပြောသည်။

 

အဆိုပါ လှူဒါန်းမှုတွင် မြန်မာနိုင်ငံနာရေးကူညီမှုအသင်းသို့ တာယာ ၁၅၆ လုံးနှင့် ရှင်သန်ရေးကူညီမှု အသင်းသို့ တာယာ ၇၂ လုံး စုစုပေါင်း တာယာ ၂၂၈ လုံး တန်ဖိုးငွေကျပ် သိန်းနှစ်ရာကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) YRO  ၏ ရှင်သန်ရေး ကူညီမှုအသင်းနှင့် မိတ်ဖက်အသင်းများသည် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိသည်မှ ယနေ့အထိ  သံသယလူနာနှင့် စောင့်ကြည့်လူနာများ သယ်ယူပို့ဆောင်ပေးခြင်း၊ ပုံမှန် ဖျားနာနှင့် ဆေးရုံပြလူနာများ သယ်ယူပို့ဆောင်‌ပေးခြင်းများကို ကူညီ‌ဆောင်ရွက် ပေးလျှက်ရှိ‌ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံအာကာစိုး