လူမှုဘဝနေထိုင်ရေး ပုံစံသစ်

mdn

နေပြည်တော် ၂၂ နိုဝင်ဘာ

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်မားကာ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်အန္တရာယ်ပြု သည့် အချိန်မှစ၍ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်တတ်ကျွမ်း သူပညာရှင်များ၊ သုတေသနသမားများ စသည့် ကဏ္ဍအသီးသီး၊ ပညာရပ်နယ်ပယ်အသီးသီးက ရှိသမျှစွမ်းအားမျိုးစုံ ထုတ်ကာ ကိုဗစ်ဘေးကို ကာကွယ်တားဆီးရန်၊ ထိန်းချုပ်ရန်ကြိုးပမ်း ခဲ့ကြသည်။

 

ကိုဗစ်အန္တရာယ် စတင်အရှိန်မြင့်သည်မှစ၍ ဤအခြေအနေ ဆိုးမှ ကယ်တင်နိုင်မည်ဟု မျှော်လင့်တကြီး စောင့်စားခဲ့ကြသည်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေးပင် ဖြစ်ပေသည်။ ကမ္ဘာ့နိုင်ငံကြီးများရှိ ဆေးဝါးထုတ်လုပ်မှု ပညာဆိုင်ရာ သုတေသနဗဟိုဌာနကြီးများ၊ ဆေးဝါးကုမ္ပဏီကြီးများသည် အန္ဒီ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်မည့် ဆေးကို ကျားကုတ်ကျားခဲ ကြိုးစားရှာဖွေနေကြသည်။

 

ယခုအခါ ကမ္ဘာ့ထိပ်တန်းဆေးဝါးကုမ္ပဏီတို့က ယခုနှစ်ကုန် နှင့် လာမည့် နှစ်သစ်ဆန်းချိန်တွင် ၁၀ မျိုးထက်ပိုသော ကာကွယ် ဆေးတို့ကို ထုတ်လုပ်နိုင်တော့မည်ဟု သတင်းများက ထုတ်ပြန်နေ ကြသည်။ သို့သော်လည်း အဆင့်ဆင့်စမ်းသပ်ပြီး လူအများထိုးနှံရန် အသင့်ဖြစ်ပြီဟူသည့် အတည်ပြုချက်ရမှ ထုတ်လုပ်ဖြန့်ချိနိုင်မည် ဖြစ်ပါသည်။ ယခုအခါ စတင်ထုတ်လုပ်ရန် စိုင်းပြင်းနေသည့် စမ်းသပ် နေသော ကာကွယ်ဆေးနှစ်မျိုးခန့်သည် များစွာနီးစပ်နေပြီဟု သတင်းများထွက်ပေါ်နေသည်။ ကိုးဆယ်ရာခိုင်နှုန်း၊ ကိုးဆယ့်လေး ရာခိုင်နှုန်း အစွမ်းထက် အောင်မြင်နေပြီဟုလည်း ကြေညာနေကြ သည်။ မည်သို့ဆိုစေ၊ အများပြည်သူ အမှန်တကယ် သုံးစွဲထိုးနှံ နိုင်ရန်မှာ သေချာသည်ထက်သေချာအောင် စစ်ဆေးအတည်ပြုပြီး သည်ထိ စောင့်ရမည် ဖြစ်ပါသည်။

 

တစ်ကမ္ဘာလုံး လုံလောက်သည့် ထိုးဆေးအရေအတွက်ကို ချက်ချင်းဆိုသလို ထုတ်လုပ်နိုင်ဦးမည် မဟုတ်ဘဲထုတ်လုပ်နိုင်သမျှ ကို နိုင်ငံများသို့ မည်သို့ခွဲဝေပေးပို့မည်၊ မည်သို့ရောင်းချမည်ဆိုသည် တို့ကိုလည်း စီမံခန့်ခွဲမှုများ ပြုလုပ်နေသည်ဟု သိရပါသည်။ ယခု ဒီဇင်ဘာလထဲမှာပင် စတင်ထုတ်လုပ်မည်ဟုလည်း သတင်းများ ထွက်ပေါ်နေပါသည်။ အဆိုပါ ထိုးဆေးများကို သိုလှောင်ရာနှင့် ဖြန့်ဖြူးရာတွင် အနုတ်ရှစ်ဆယ်ဒီဂရီထိ အေးခဲသည့် အအေးလွန် စနစ်ဖြင့် ထားရမည်ဟုဆိုရာ သာမန်ရေခဲဘူးဖြင့် သယ်ယူသိုလှောင် ရန် မဖြစ်နိုင်ဟု ဆိုရပါမည်။

 

အအေးခန်းစနစ်များကို ပြင်ဆင်တည်ဆောက်ရမည့်လုပ်ငန်း များကပင် လွယ်ကူလှမည်မဟုတ်ဟု ဆိုပါသည်။ မည်သို့ဆိုစေ၊ ယခုနှစ်ကုန်နှင့် လာမည့်နှစ်ဆန်းကာလတို့တွင် ကာကွယ်ဆေးများ ဆက်တိုက်ဆို သလို ထွက်ပေါ်လာတော့မည်ဟု ခန့်မှန်းရပါသည်။ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မည်ဆိုလျှင်လည်း လူအများစု၏ ကုန်ကျစရိတ်တတ်နိုင်မှုနှင့် ကာကွယ်ဆေးအပေါ် ယုံကြည်မှုတို့ ကလည်း စိန်ခေါ်မှုအဖြစ် ရှိလာမည်ဟု ပညာရှင်များက တွက်ဆ ထားကြပါသည်။

 

မည်မျှပင် ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်သည်ဟုဆိုဆို လူအများစုက စိတ်ချလက်ချ ထိုးနှံကြပါမှ၊ ထိုးနှံရန် အမှန်တကယ် လိုအပ်သည်ဟု ယုံကြည်ကြပါမှ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်ဆေးဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ ကုန်ကျစရိတ်ကြောင့်ဖြစ်စေ၊ စိတ်ချယုံကြည်မှုကြောင့်ဖြစ်စေ ကာကွယ်ဆေး ထိုးနှံခြင်းကို ငြင်းပယ်မှုများနေပါက ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ခက်ခဲနေဦးမည် ဖြစ်ပေသည်။

 

ထိုသို့သော အကြောင်းအချက်များစွာတို့ကြောင့်ကာကွယ်ဆေး မပေါ်သေးချိန်၊ သို့မဟုတ် ကာကွယ်ဆေး ပေါ်ပြီဆိုသည့်တိုင်၊ ရောဂါကာကွယ်ရန် အခြေခံများဖြစ်သည့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ မျက်နှာဖုံး နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူချင်းခွာကာ ဆက်ဆံပြောဆိုခြင်းစသည့် လူမှုဘဝနေထိုင်နည်း ပုံစံကို ဆက်လက်ဆွဲကိုင်ကာ ကိုဗစ်ရောဂါပိုးကူးစက်မှုဘေးက လွတ်ကင်းအောင် သတိကြီးစွာ ထားမြဲထားကြရဦးမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

မြန်မာ့အလင်း