လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြု ထုတ်ပေး

ရန်ကုန်   ဇန်နဝါရီ   ၂၇

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊  မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၇)တွင် အကျုံးဝင် မှတ်ပုံတင် ထားသည့် အာမခံအလုပ်သမား၏ လုပ်ငန်းခွင် မတော်တဆ ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းက လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၇)တွင် အကျုံးဝင် မှတ်ပုံတင် ထားသော J&M Steel Solutions Co. Ltd မှ အာမခံအလုပ်သမား ဦးသူရိန်သန့်ဇော်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် စုစုပေါင်း ငွေလုံး ငွေရင်းကျပ် ၆၇၅၀၀၀၀ ကို ကွယ်လွန်သူ၏ မိခင် ဒေါ်သန်းသန်းမြ ထံသို့ ပေးအပ်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံ အလုပ်သမား များ၏ လုပ်ငန်းခွင် ထိခိုက်မှု၊ အမြဲတမ်း မသန်စွမ်းမှု၊ သေဆုံးမှုအတွက် အကျိုးခံစားခွင့်များကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ  ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်