လွတ်လပ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး

articles_advs

လွတ်လပ်ရေးဟူသည် ဆုံးရှုံးခဲ့သည့် အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေနှင့် လွတ်လပ်မှုကို ပြန်လည် ရရှိခြင်းဟု အကြမ်းဖျင်းဆိုနိုင်သည်။ လွတ်လပ်ရေးသည် ငြိမ်းချမ်းခြင်းဖြစ်ပြီး ငြိမ်းချမ်းခြင်းသည် လွတ်လပ်ခြင်း ပင်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်သည်မှာမှန်သည်။ လွတ်လပ်သောနိုင်ငံ ဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသေးသည်။

မငြိမ်းချမ်းလျှင် လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးအသီးအပွင့်၊ လွတ်လပ်စွာပြုမူခွင့်၊ ငြိမ်းချမ်းစွာ နေထိုင်ခွင့်တို့ ပြည့်ပြည့်ဝဝခံစားနိုင် မည်မဟုတ်ချေ။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ကမ္ဘာတစ်ခွင်၌ စစ်ဘေး စစ်ဒဏ်သင့်ခဲ့ကြသည်။ မငြိမ်းချမ်းခြင်း၏ အကျိုးဆက်အဖြစ် ပြည်သူများ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ စစ်ကြီးပြီးဆုံးသောအခါ နိုင်ငံအသီးသီးတို့ လွတ်လပ်ရေးရလာကြသည်။

လွတ်လပ်ရေးရသည်ဆိုသော်လည်း လွတ်လွတ်လပ်လပ် နေထိုင်ရသော နိုင်ငံများရှိသလို မလွတ်မလပ် နေထိုင်ရသောနိုင်ငံများလည်းရှိသည်။ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရသောနိုင်ငံများရှိသလို မငြိမ်းမချမ်း နေထိုင်ရသော နိုင်ငံများလည်းရှိသည်။ ယင်းအခြေအနေများမှာ လွတ်လပ်ရေးရပြီးသည်မှ ယနေ့ထက်တိုင် ဖြစ်သည်။ ယင်းသို့ဆိုလျှင် လွတ်လပ်ရေးသည် တင်းပြည့်ကျပ်ပြည့်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။

လက်ရှိကာလတွင် ကမ္ဘာပေါ်ရှိ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတို့သည် လွတ်လပ်ရေး ရရှိခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲများ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အဆုံးမသတ်နိုင်သေး၍ ထိုနိုင်ငံများမှာ လွတ်လပ်ရေးအပြည့်အဝမရသော၊ မငြိမ်းချမ်းသော နိုင်ငံများဟု ဆိုရမည်ဖြစ်သည်။ မငြိမ်းချမ်းလျှင် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး နိုင်ငံလုံခြုံမှုကို ခြိမ်းခြောက်ခံရမည်။

ဆီးရီးယား၊ လစ်ဗျားတွင် အိုင်အက်စ်၊ အနောက်အယ်လ်ဂျီးရီးယားတွင် အယ်လ်ကိုင်းဒါး၊ အာဖဂန်နစ္စတန်တွင် စစ်သွေးကြွစသည့်တို့၏ ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများခံနေရသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများမှာ အကြမ်းဖက်သမားများ၊ ပြည်တွင်းမငြိမ် သက်မှုများကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည်။ ထိုနိုင်ငံများတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ တွန့်ဆုတ်နေသည်။ စီးပွားရေးလည်းရပ်တန့်နေသည်။ ပြည်သူများမှာ မျှော်လင့်ချက်များဝေဝါးပြီး ဒုက္ခရောက်ကြရသည်။

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးမရရှိသေးသော်လည်း မငြိမ်းချမ်းသော ထိုနိုင်ငံများလောက် ဆိုးဆိုးရွားရွား မခံစားကြရ၍ တော်သေးသည်။ သို့သော် မဖွံ့ဖြိုးခြင်းအကျိုးရလဒ်များမှာ အတူတူပင်ဖြစ်သည်။ နယ်စွန် နယ်ဖျားဒေသများမှာ မြို့ပြများကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုတို့နှင့် အလှမ်းဝေးနေသည်။ သေနတ်သံများ ကြားနေရပြီး လက်နက်ကိုင်များ ရှိနေကြသဖြင့် ပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှု ရှိကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ရှိသည်။ ၁၀ ဖွဲ့မှာ အပစ်အခတ်ရပ်စဲထားသည်။ ကျန်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း လျက်ရှိသည်။ မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို လေးလနှင့် ၁၀ ရက်ကြာ ရပ်ဆိုင်းပေးပါမည်ဟု တပ်မတော်က အသိပေးလိုက်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကြိုဆိုကြသည်။ ပြည်သူအားလုံးအနေဖြင့် ပြောစရာမရှိ ဝမ်းမြောက် ဝမ်းသာဖြစ်ကြပေလိမ့်မည်။

သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးသော်လည်း နှစ်ပေါင်း ၇၀ ကျော်ကြာ မငြိမ်းချမ်းမှုများနှင့် ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းရေး ခရီးလမ်းကို တက်လှမ်းနိုင်မည့် ကောင်းမွန်သော အရိပ်လက္ခဏာများ၊ လမ်းစများ မြင်တွေ့လာရပြီဖြစ်သည်။ မငြိမ်းချမ်းသောလက်နက်ကိုင် ဖြေရှင်းခြင်းအစား ငြိမ်းချမ်းသော စားပွဲဝိုင်း ဖြေရှင်းခြင်းဖြင့် လုံးဝ လွတ်လပ်သောနိုင်ငံအစစ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ ။(ကြေးမုံ)