လျှပ်စစ်သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

လျှပ်စစ်ပစ္စည်းတွေဟာ လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ အင်မတန်မှကို အသုံးဝင်လှ၊ အရေးပါအရာရောက်လှပါတယ်။ ဒါပေမယ့် တချို့လျှပ်စစ်ပစ္စည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊ လိုအပ်မှုနဲ့ လုံခြုံစိတ်ချရမှုတွေဟာ အခုချိန်ထိမေးခွန်းထုတ်စရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေထဲက တစ်ခုက လျှပ်စစ်သွားပွတ်တံဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဆိုပါလျှပ်စစ်သွားပွတ်တံရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

 

သွားတိုက်ခြင်းဟာ သွားနဲ့သွားဖုံးမျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ အဖတ်တွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တဲ့အတွက် အလွန်ပဲအရေးကြီးလှပါတယ်။ ဒါ့အပြင် သွားတိုက်ခြင်းဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ မှန်ကန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်နိုင်ခြင်းမရှိသေးပါဘူး။

 

အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာအချို့ကြောင့်ရယ်၊ နည်းပညာထွန်းကားလာတာကြောင့်ရယ် လျှပ်စစ်သွားပွတ်တံတွေဟာ လူသိပိုများလာပြီး ပုံမှန်သွားပွတ်တံထက်လည်း တိုက်လို့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လျှပ်စစ်သွားပွတ်တံမှာလည်း အကျိုးနဲ့အပြစ်တွေ ရှိနေခဲ့ပါတယ်။

 

ကောင်းကျိုးတွေ

 

- သွားတိုက်တာ ပိုပြောင်ပြီး ပိုနှံ့ပါတယ်။ အစာဖတ်တွေကို ပိုပြီးမြန်မြန်နဲ့ ကောင်းကောင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ပုံစံရှိတဲ့ သွားပွတ်တံတွေဆိုရင် ပုံမှန်သွားပွတ်တံတွေနဲ့ ရှင်းလင်းနိုင်ဖို့ ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ အံသွားနောက်ကနေရာ၊ သွားဖုံးအစပ်စတဲ့ နေရာတွေကိုပါ ကောင်းကောင်းရှင်းလင်းပေးနိုင်တဲ့အတွက် သွားပိုးပေါက်တွေနဲ့ ပိုးဝင်ရောင်ရမ်းတာတွေကို ပပျောက်စေပါတယ်။

 

- လျှပ်စစ်သွားပွတ်တံဟာ သွားဖုံးရောင်တာနဲ့ တခြားသောသွားနဲ့ ခံတွင်းရောဂါတွေအတွက် အကောင်းဆုံးအဖြေဖြစ်ပါတယ်။ ဒီခေတ်ပေါ် သွားပွတ်တံကိုသုံးမယ်ဆိုရင် သင့်အနေနဲ့ ကိုင်ထားဖို့သာလိုမှာဖြစ်ပြီး ကျန်တာကို သူ့အလိုလိုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သင့်အနေနဲ့သွားဖုံးကို ခပ်ကြမ်းကြမ်း မတိုက်မိတော့တဲ့အတွက် အနာတရမဖြစ်နိုင်တော့သလို သွားဖုံးရောင်တာမျိုးကိုလည်း ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်သွားပွတ်တံဟာ သွားကြွလွှောကိုလည်း ကာကွယ်ပေးပါသေးတယ်။ သွားကြွေလွှာကွာရင် အရမ်းအေးတာ၊ အရမ်းပူတာ ဒါမှမဟုတ် တခြားလှုံ့ဆော်မှုတွေကို ဆတ်ဆတ်ထိမခံတာမျိုး ဖြစ်လာနိုင်ပါတယ်။

 

- အချိန်ကုန် သက်သာမယ်။ လူတစ်ယောက် ပုံမှန်သွားတိုက်တဲ့ ကြာချိန်ဟာ စက္ကန့် ၃၀ လောက်ကနေ ၆၅ စက္ကန့်လောက်ရှိတတ်ပါတယ်။ တချို့လူတွေက သွားတိုက်တာ ဒီလောက်ကြာစရာမလိုပါဖူးကွာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့မှားနေပါတယ်။

 

- ဖလိုရွိုက်များများပိုရတယ်။ ထပ်မံစမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်သေးပေမယ့် လျှပ်စစ်သွားပွတ်တံ အသုံးပြုတာဟာ အာခံတွင်းထဲမှာ ဖလိုရွိုက်ဓါတ်ကို ပိုပြီးပျံ့နှံ့ ရောက်ရှိစေတယ်လို့ ဆိုပါတယ်။

 

မကောင်းတဲ့အချက်တွေ

 

- ဈေးကြီးတယ်။ ဒီအချက်က သိပ်ရှင်းပါတယ်။ လျှပ်စစ်သွားပွတ်တံဆိုတာဟာ ထူးထွေဆန်းပြားတဲ့ လုပ်ဆောင်မှုတွေပါဝင်တဲ့ ခေတ်ပေါ်ပစ္စည်းတမျိုး ဖြစ်တဲ့အတွက် သူ့ရဲ့တန်ဖိုးဟာလည်း ပေါပေါပဲပဲတော့မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်သုံးနေကျ ရိုးရိုးသွားပွတ်တံနေရာမှာ လျှပ်စစ်သွားပွတ်တံနဲ့ အစားထိုးမယ်ဆိုရင် ငွေကုန်ကြေးကျလည်း များဦးမှာ ဖြစ်ပါတယ်။

 

- ထိရှလွယ်တဲ့ သွားပိုင်ရှင်တွေအတွက် အဆင်မပြေပါဘူး။ အလွန်နူးညံ့တဲ့ အမွှေးလေးတွေပါဝင်တဲ့ လျှပ်စစ်သွားပွတ်တံဟာ ရှားပါးတာမို့ ဒီလိုထိခိုက်လွယ်တဲ့ သွားပိုင်ရှင်တွေဟာ လျှပ်စစ်သွားပွတ်တံကို ဆက်သုံးလို့ အဆင်မပြေတာကြောင့် ရိုးရိုးပုံမှန်သွားပွတ်တံကိုပဲ ပြန်ပြောင်းသုံးရပါတော့တယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”