လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၂ ဇန်နဝါရီ  

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍ အတွက် ပထမသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ဒုတိယ၊ တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်း စနစ်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများသည် ရုံးအမှတ်(၂၇)မှ တက်ရောက်ကြပြီး တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေး စက်ရုံမှူးများ နှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာဒေသမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မိမိတို့ဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်တာဝန်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ် တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံး၏ ၅၈ ရာခိုင်နှုန်းခန့် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် မိမိတို့၏ရည်မှန်းချက် ပြည့်မီရုံ သာကမ ကျော်လွန်နေပြီဖြစ်ပါကြောင်း၊ ယခင် မိမိတို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (Generation Mix)တွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကိုသာ အခြေခံ၍ ထုတ်လုပ်ခဲ့ သော်လည်း ယခုအခါ LNG to Power စီမံကိန်းများကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ရာ အဆိုပါစက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိသဖြင့် Surplus Power ရရှိခဲ့ပါကြောင်း၊ အများဆုံးဓာတ်အား အသုံးပြုမှု (Peak Load) မဂ္ဂါဝပ်(၃၈၀၀) ရှိသည့်အချိန်တွင်ပင် Generation Reserve Power များ ရရှိခဲ့ပါကြောင်း၊ မိမိတို့ရည်မှန်း ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး ရည်မှန်းချက်များကို ပြည့်မီရန်အတွက် တစ်နေ့လျှင် ကျေးရွာပေါင်း (၁၀) ရွာမှ (၁၅) ရွာခန့်အထိ လျှပ်စစ်ဓာတ် အား တိုးတက်ဖြန့်ဖြူးပေးရန်နှင့် တစ်နှစ်လျှင် မီတာ အလုံးရေ (၄) သိန်းမှ (၅) သိန်းခန့်အထိ တိုးချဲ့တပ်ဆင်ပေးရန် လိုအပ်မည်ဖြစ်သဖြင့် ယင်းရည်မှန်းချက်များကို ပြည့်မီအောင် စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးသည်လည်း အရေးပါလျက်ရှိပါကြောင်း။

သို့ဖြစ်၍ မိမိတို့၏ သက်ဆိုင်ရာဒေသနှင့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အသီးသီးရှိရာ တင်ဒါခေါ်ယူသည့် အချိန်မှစတင်၍ တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် အရည်အသွေးစစ်ဆေး ထိန်းသိမ်းခြင်းတို့တွင် အစီအစဉ်များ စနစ်တကျချမှတ်၍ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကိုလည်း သတ်မှတ်လျာထားချက်များအတိုင်း စနစ်တကျ အလေအလွင့်မရှိ သုံးစွဲဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ယခင်က တင်ဒါအောင်မြင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ငန်းတစ်ရပ်လုံး ပြီးစီးမှသာ ငွေပေးချေသည့်စနစ်ကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပြီးစီးသော လုပ်ငန်းအလိုက် သတ်မှတ်အရည်အသွေးများကို တိုင်းတာစစ်ဆေးပြီး ငွေပေးချေ သည့် စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများသည် သက်ဆိုင်ရာ ပြည်သူများထံသို့ ရောက်ရှိပြီး ငွေကြေးလည် ပတ်စီးဆင်းမှု ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကာလတွင် ပြည်သူလူထုအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံ ငွေကို အကျိုးရှိစွာ စီမံခန့်ခွဲရေးသည် မိမိတို့၏ဝန်ကြီးဌာနတွင်လည်း တာဝန်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စေရန် အထူး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။  

ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဒုတိယနှင့် တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဦးစီးဌာန/လုပ်ငန်း အသီးသီး၏ တင်ဒါခေါ်ယူကာ ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာငွေ သုံးစွဲအကောင်အထည် ဖော်မှုများကိုလည်းကောင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားသည်။

သတင်းစဉ်