လျှပ်စစ်မိန်းခုံ အပူလွန်ကဲပြီး မြင်းခြံ၌ မီးလောင်မှုဖြစ်ပွား

မြင်းခြံ  ၁၄   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၈)ရပ်ကွက်တွင် လူနေအိမ်အဆောက်အဦ၏ လျှပ်စစ်မိန်းခုံ အပူလွန်ကဲပြီး မီးလောင်မှု   ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

အမှတ်(၁၈)ရပ်ကွက်၊ အပိုင်း(၆)၊ နယ်မြေ(၁၂)နေ ဦးမြင့်စိုး၏ နေအိမ်တွင် သွယ်တန်းထားသော လျှပ်စစ်မိန်းခုံမှ အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မီးငြိှမ်းသတ် ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅၇ မိနစ်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရှိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များအချိန်မီ ရောက်ရှိငြှိမ်းသတ်နိုင်၍ အခြားသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ၊ ဦးမြင့်စိုး၏ နေအိမ်ပေ(၃၀) ပေ(၂၀) သွပ်မိုးထရံကာ မြေစိုက် အဆောက်အဦ တစ်လုံးသာ လောင်ကျွမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားသော အိမ်ရှင် ဦးမြင့်စိုးအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင် (မြင်းခြံ)