လျှပ်စစ်မီတာရုံးမှ ဝန်ဆောင်မှုများ အဆင်မပြေပါက ဝန်ကြီးထံ တင်ပြတိုင်ကြားနိုင်

မန္တလေး  ၃ စက်တင်ဘာ


လျှပ်စစ်မီတာရုံးမှ ဝန်ဆောင်မှုများ အဆင်မပြေပါက ဝန်ကြီးထံ တင်ပြတိုင်ကြားနိုင်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇာနည်အောင်က ပြောသည်။ 


ယနေ့ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၂၀ ကြိမ်မြောက် အစည်းအဝေးပဉ္စမနေ့ အခမ်းအနားတွင် တောင်သာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်မေးမြန်းသည့် မေးခွန်းတွင် ယခုလို ထည့်သွင်းပြောကြားခဲ့သည်။ ဦးဝိုင်းချစ်အောင်က " တောင်သာမြို့နယ်အတွင်းလျှပ်စစ်မီး အသုံးပြုခများ ကောက်ခံရာတွင် ခန့်မှန်းကောက်ခံခြင်း၊ အမှန်တကယ်သုံးစွဲသော ယူနစ်ထက် ပို၍ကောက်ခံခြင်း၊ ကိုဗစ်ကာလအတွင်း ရသင့်ရထိုက်သော မီတာခ ကင်းလွတ်ခွင့်ကြေးများ အပြည့်အဝ မရရှိခြင်းတို့အား သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်" မေးခွန်းအားမေးမြန်းခဲ့သည်။


"မီတာရုံးကိုသွားတဲ့အခါ အဆင်မပြေမှုရှိရင် ဖြစ်စဉ်အသေးစိတ်ကို ဘယ်နေ့၊ ဘယ်ရက်က စသဖြင့် တိုင်ကြားစာကို ကျွန်တော့်ထံ တင်ပြတိုင်ကြားနိုင်ပါတယ်"ဟု မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဇာနည်အောင် က ပြောသည်။ 


ထို့အပြင် မြို့နယ်အလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ လစဉ် လဆန်း ၁ ရက်မှ ၅ ရက်အတွင်း မီတာလာမဖတ်ပါက တိုင်ကြားနိုင်ကြောင်း၊ မီတာဖတ်ရာတွင် ကျသင့်သည်ထက် ပိုဖတ်ခြင်း၊ လိုဖတ်ခြင်း၊ ခန့်မှန်းဖတ်ခြင်းများ စစ်ဆေးတွေ့ရှိပါက မီတာဖတ်ဝန်ထမ်းအား အပစ်ပေးအရေးယူမည်ဖြစ်ကြောင်း သိရသည်။


မေသက်ထား