လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ရောဂါပြန့်ပွားမှုအခြေ အနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်သူများသို့ အစီရင်ခံတင်ပြခဲ့သည်။ “ဒီအချိန်မှာ ကျွန်မ ဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ရသွားပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ ဒါကလည်း ပူးပေါင်း ဆောင်ရွက်မှုကြောင့်ပါပဲ” ဟု ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားရာ၌ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးသည်။ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရနှင့် ပြည်သူလူထုအကြား ပူးပေါင်းဆောင်ရွက်မှု အားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ လျော့ကျလာနိုင်သည်ကို လက်တွေ့ မြင်တွေ့ရမည် ဖြစ်သည်။ ။

လက်ရှိတွင် ရန်ကုန်မြို့ အတွက် စိုးရိမ်ပူပန်မှုများရှိနေသည်။ ရောဂါပိုး တွေ့ရှိမှု နေ့စဉ်မြင့်မားနေဆဲဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေရသည်။ ပြည်ထောင်စု အစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ လိုက်နာဆောင်ရွက်မှုများအား အလေးထားလုပ်ကိုင်ဆောင်ရွက်လာနိုင်ပါက စိုးရိမ်ပူပန်မှုများ လျော့ကျလာမည်ဖြစ်သည်။  လတ်တလောတွင် ပိုးတွေ့ လူနာများနှင့် သံသယလူနာများအတွက် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ပေးလျက်ရှိရာ အခက်အခဲများရှိနိုင်သည်ကို နားလည်ပေးရမည် ဖြစ်သည်။

ရောဂါပိုးတွေ့လူနာများအားပြုစုကုသရေး စီစဉ်ဆောင်ရွက်ပေးနေချိန် တွင် တစ်ဖက်တွင် ပြည်သူများကြား၌ ရောဂါပိုးမတွေ့အောင်၊ ရောဂါ ပိုးမကူးစက်အောင် ညွှန်ကြားချက်များကို တစ်ယောက်ချင်း တစ်ယောက်ချင်း အလိုက် လိုက်နာဆောင်ရွက်ဖို့လိုသည်။ လောလောဆယ်တွင် မြန်မာနိုင်ငံ၌တွေ့ရှိရသော ကိုဗစ်လူနာများ၏ ၇၁ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာများ မတွေ့ရသောကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်ငန်းခွင်များတွင် နေ့စဉ်အလုပ်လုပ်နေကြသော အလုပ်သမားများအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား တိကျစွာလိုက်နာကြဖို့လိုသည်။

စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်ထဲတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ နေထိုင်လုပ်ကိုင်ကြရန် လိုအပ်သည်။ စက်ရုံ၊ အလုပ်ရုံထဲတွင် Social Distancing အပြည့်နေထိုင်ရန်လိုအပ်ပြီး နှာခေါင်း စည်းများကို စနစ်တကျတပ်ဆင်ထားရန်လိုအပ်သည်။ ထမင်းစားချိန်တွင် နှာခေါင်းစည်းဖြုတ်လိုက်သည့်အတွက် ရောဂါကူးစက်နိုင်ခြေရှိသည်ကို သတိပြုရမည်ဖြစ်သည်။ ထမင်းစားချိန်တွင် မျက်နှာချင်းဆိုင်ထိုင်ပြီး စုဖွဲ့ စားသောက်ခြင်း မပြုလုပ်ရန်လိုသည်။ သွားမှု၊ လာမှုများကို တတ်နိုင်သမျှလျှော့ချကြရန်လိုပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံမှုများ လျှော့ချ နိုင်ပါက ရောဂါကူးစက်မှုများလည်း လျော့ကျသွားမည် ဖြစ်သည်။

ပြည်သူလူထုကြားမှ ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အားလုံးအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မည်သည့်နေရာတွင်နေနေ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလေးထားလိုက်နာကြရန်လိုသည်။ အိမ်တွင်း၌နေနေ၊ မည်သည့်နေရာ၌ရှိရှိ ကလေးမှစ၍ လူကြီးများပါမကျန် မည်သူမဆို၊ ဆင်းရဲချမ်းသာမရွေး လိုက်နာဆောင်ရွက်ကြရန် အရေးကြီး သည်။ သို့မှသာ ရောဂါကူးစက်မှုကျဆင်းသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့ကျရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်မှု၊ အားလုံး လိုက်နာဆောင်ရွက်မှုတို့သည် အရေးကြီးပြီး

ရောဂါကူးစက်မှုမြင့်မားမှုနှင့်ကြုံနေရသော ရန်ကုန်မြို့နေပြည်သူများ အနေဖြင့် ယခုတစ်ပတ်၊ နှစ်ပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို အတိအကျလိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ကျဆင်းသွားနိုင်မည် ဟု ယုံကြည်ပါကြောင်း။

km