လွမ်းလေ စေရ စေရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ

mdn

သတင်းဆောင်းပါး - ဆူးငှက်

 

"ဇော်လာပါတယ် ဖေတို့မောင်တို့

ဂျီလာပါတယ် ဖေတို့မောင်တို့

တောင်ဝှေးထောက်လို့ တောင်မြောက်မျှော်

ဇော်ဂျီပါရင် ကျုပ်တို့ပါပဲ။

ဆေးတောင်ဝှေးတဲ့ နုဆေးလေ

မြစိမ်းတောင်ခြေ ထိုးတဲ့အဂ္ဂိ

ရွှေမရှားပါလို့ ပြဒါးသေ...

မြစိမ်းတောင်ခြေ ထိုးတဲ့အဂ္ဂိ.."

လမ်းပေါ်တွင် ဇော်တိုင်သံက လွင့်ပျံနေ၏။

 

မြန်မာ့ရုပ်သေးကို လေ့လာဖို့

 

ရုပ်သေးပွဲ၏ ဇော်တိုင်သံက ဘုရားပွဲမှာမဟုတ်။ ကန်သင်းရိုးက ရုပ်သေးစင်မှာမဟုတ်။ မန္တလေးက အရှေ့ ကျုံးထောင့်ထိပ်အနီးရှိဆိုလာမီးရောင် ဖြန့်ခင်းထားသော နိုင်လွန်ကတ္တရာလမ်းဘေးက မီနီသီရေတာမှာဖြစ် သည်။ သည်နေရာမှာ မန္တလေးရုပ်စုံသဘင်ဟူသော အမည်ဖြင့်  ရုပ်သေးကပွဲကို ညစဉ် ကပြဖျော်ဖြေခဲ့သည်။ နိုင်ငံခြားသား ခရီးသည်အများစုက လာရောက်အားပေးကြ၏။ ရုပ်သေးပွဲက မြန်မာ ဆိုင်းသံ၊ ဗုံသံများဖြင့် ခုနစ်သံချီ အပျိုတော်အက... မြိုင်ထနှစ်ပါးသွား။ ဇော်ချင်းများ  ကြားနေရသည်။ နာမည်ကျော်မန္တလေးရုပ်စုံ သဘင်အဖွဲ့ကို ဆရာဂုဏ်ထူးဦးသိန်းနိုင်၏ သမီးဒေါ်မမနိုင်က ၁၉၉၀  ပြည့်နှစ်မှစ၍ တည်ထောင်ထားပြီး မြန်မာ့ဝါးများဖြင့် ဇာတ်ရုံငယ်ကို စနစ်တကျ တည်ဆောက်ထားကာ 'ရုပ်သေးပွဲ'ကို ကပြခဲ့ခြင်းဖြစ်သည်။ အခုတော့ ဆရာမဒေါ်မမနိုင်၏ မန္တလေးရုပ်စုံက ပိုမိုအကွက်အကွင်းကောင်းသည့် မန္တလေးတောင်ခြေသို့ တိုးချဲ့ ပြောင်းရွှေ့ ထားသည်။ မန္တလေးရုပ်စုံသဘင်က နိုင်ငံခြားသားများကို  မြန်မာ့ရုပ်သေးပညာပြသဖို့ အဓိက ရည်ရွယ်ထားပုံရ၏။ မြန်မာ့ရုပ်သေးကို သည်နေရာမှာလေ့လာနိုင်ပါသည်။ ခံစားနိုင်ပါသည်။

 

မြန်မာရုပ်သေးစင်မှ ဇော်ဂျီရုပ်

 

နိုင်ငံခြားသားများကမြန်မာရုပ်သေးတွင်ဇော်ဂျီရုပ်ကို သဘောကျကြသည်။ ဇော်ဂျီရုပ်က ကဟန်များသလောက် မင်းသားရုပ်များလို ကကြိုးအများအပြားမပါရှိ...။ ကြိုး အနည်းငယ်ကိုသာသုံး၍ ကဟန်မျိုးစုံခွဲခြားကပြရသော ကြောင့် ခက်ခဲသည်။ ထို့ပြင် ဇော်ဂျီရုပ်က သိုရင်းအင်္ကျီ ဖားလျား...၊ ခါးတောင်းကျိုက်နှင့် ဖြစ်ကာ အပေါ်သို့ ခုန်ကြွမြှောက်ပျံရသည်။ တောင်ဝှေးပေါ်တွင် အုန်းပင်စိုက် ရသည်။ တစ်ပတ်ကျွမ်း၊ ကြောင်လိမ်ကျွမ်းခုန်ရသည်။ ထိုအခါ ကြိုးဆွဲလက်က ကျွမ်းကျင်စွာဖြင့် တစ်ဖက် အောက်ကလွှတ်သော ကြိုးစကို တစ်ဖက်မှ ပြန်ကျော်ကာ ပြန်ကောက်ဖမ်းရသည်။ ကျွမ်းလှိမ့်ရာ၌ အသွားအကွက် နှင့် အပြန်အကွက် ထပ်တူကျစေသဖြင့် ရှုပ်ပြီး ကြိုးကို အလိုက်သင့် ပြန်ပြီးပြေစေရသည်။ ဆိုင်းချက်ကျစွာ လျင်လျင်မြန်မြန် ကပြရသဖြင့် ကြိုးဆွဲသူမှာလည်း ပင်ပန်းလှ၏။ မြန်မာရုပ်သေးစင်မှ ဇော်ဂျီရုပ်သည် အဘိဓမ္မာရုပ်၊ ဝါဏရရုပ် သုံးပါးအနက် လဟုတာရုပ်ဖြစ်ပါ သည်။

 

အတော်ဆုံး ကြိုးဆွဲ

 

အချို့သော ရုပ်သေးများသည် ဇော်ဂျီရုပ်ကို "ကောင်းချီး သင်္ခါ ယိုးဒယားဖြင့် ခပ်လေးလေးထွက် တတ်ကြပါ သည်။ ဇော်ရုပ်ကို ကြိုးဆွဲကျွမ်းကျင်သော မင်းသားကြိုးဆွဲကြီးများကို ကိုင်လေ့ရှိပါသည်။ ဇော်ရုပ်ဆွဲနိုင်သူက အတော်ဆုံး ကြိုးဆွဲဖြစ်သည်ဟု  သတ်မှတ်ကြသည်။ ထို့ကြောင့် ဇော်ဆွဲသည် 'လူပေါ် လူဇော်' စသည်ဖြင့် ကျွမ်းကျင်ထူးခြားမှုကို တင်စားသုံး နှုန်းကြသည်။ ရုပ်သေးတွင် ဇော်ကကိုကြည့်၍ မင်းသား ကြိုးဆွဲကောင်းမည် မကောင်းမည်ကို အကဲခတ်ကြသလို နှဲနှင့်ပတ်မထိန်း အစွမ်းကိုလည်း ဇော်တီးကွက်တွင် အကဲခတ်ကြပါသည်။ တချို့ ရုပ်သေးများက ဇော်ဂျီကို နှစ်မျိုးနှစ်စားခွဲခြားထားသည်။ အနုအယဉ်သိမ်မွေ့စွာကသော နန်းဇော်နှင့် ကြမ်းတမ်းပေါ့ပါးစွာ ကသော တောဇော်ဟူ၍ ဖြစ်သည်။ ဇော်စထွက်လျှင် "ဇော်လာတယ်ဟေ့၊ ဘယ်ကဇော်လဲလို့ သူငယ်ချင်းက ပြောလိုက် စမ်းပါ" ဟု ဆိုင်းနောက်ထက အသံခံလိုက်သောအခါ... "မန်းပေါ်ကနက် ၊ စန်းပေါ်တက်ခဲ့တော့ ... နန်း... တော်ထွက်ဇော်" ဟု အစချီပြီး မည်သူမည်ဝါ၏ စင်မှ ဖြစ်ကြောင်း တစ်ယောက်ပြန်ပြော၏။

 

"လွမ်းလေ စေရ စေရ ဟိုမြိုင်လယ်မှာ သည်မြိုင် လယ်မှာ စပယ်ကို ထားဝယ်ခပါလို့ (ဒေါလေလေ နက၊  နက)၂၊ ဒေါနက သင်းတယ်၊ သင်းတယ်သင်းတယ်လေ..." ဟူသော ဇော်ချင်းကို သီဆိုကကြသည်။ 'ဇော်ဆိုဇော်ချင်း၊ ဇော်ချင်းပပြိုင်ဘက်ကွာ၊ ဇော်တကူတွင်ခေါင်က ချုပ်တယ်၊ ဂျီတကာတွင် ခေါင်ကချုပ်တယ်၊ ဂိုဏ်းအုပ်မဲ့ လာ' တဲ့။ ဇော်ကို သိမ်းသည့်အခါ ဆိုင်းက လေးခင်းနှင့် ပတ်ရင်းနာနာမွှေ၍ ဗိန်းမောင်းအဆုံးသတ်တွင် ဇော်ရုပ် ကို ခပ်သွက်သွက် လှည့်ပတ်ခုန်ပေါက်ပြီး ထွက်ရပ်ပေါက် သွားသည့် ဟန်ဖြင့် လက်တန်းပေါ်က ရုတ်ခနဲ ခုန်ကျော် ဝင်သွားဟန် သပ်ရပ်စွာ အဆုံးသတ်ကြသည်။

 

သကျသီဟဘုရားပွဲမှာ ကြည့်ရသည့် ရုပ်သေးပွဲ

 

ကျွန်တော့် အသက်အရွယ်တန်းမှာကိုပဲ ရုပ်သေးကို ကောင်းကောင်း မမှတ်မိတော့...၊ သကျသီဟ ဘုရားပွဲမှာ...၊ ဝါးတန်းကထိန်မှာ ရုပ်သေးပွဲ ကြည့်ဖူးတဲ့ ပုံရိပ်တွေ က ခပ်ဝါးဝါး..၊ သကျသီဟဘုရားပွဲမှာက အခုဗန္ဓုလ ဓမ္မာရုံကြီးနား စနေထောင့်မှာ ရုပ်သေးစင်အမြဲပါသည်။ သကျသီဟဘုရားပွဲမှာ ကြည့်ရသည့် ရုပ်သေးပွဲကတော့ ပထမပိုင်း ဟိမဝန္တာခန်းလောက်ပဲဖြစ်မှာပေါ့။ ဟိမဝန္တာ ခန်းကြည့်အပြီး ဘုရားကို တစ်ပတ်ပတ်၊ အငြိမ့်များကို မောပြီး ရုပ်သေးစင်ဆီ ပြန်ရောက်သောအခါ ပြဇာတ်ထွက်နေပြီဖြစ်၏။ ရုပ်သေးပြဇာတ်မင်းသားက ဘောင်းဘီရှည်ဝတ်၊ ဖော့ဦးထုပ်ဆောင်းကာ သေနတ်ခါး ကြား ထိုးထားသည်။ ရုပ်သေးမင်းသမီးက ဘဲလ်လက် အင်္ကျီနှင့် ဆံထုံးနှင့် ...။ ပြဇာတ်မင်းသားသည် သေနတ် တဒိုင်းဒိုင်းဖောက်ကာ မင်းသမီးကို ဂျစ်ကားပေါ်တင်ပြီး မောင်းပြေးသွား၏။ ကျွန်တော်တို့သည် ခဏတစ်ဖြုတ် ရပ်ကြည့်ပြီး ပြန်လာကြသည်။

 

ဝါးတန်းကထိန်မှာ ကြည့်ရသည့် ရုပ်သေး

 

ဝါးတန်းကထိန်မှာ ကြည့်ရသည့် ရုပ်သေးက ၂၉လမ်း နှင့် ၈၅ လမ်းထောင့်မှာ ဖြစ်သည်။ အိမ်နှင့် မလှမ်းမကမ်းမို့ "ဒီနေ့ည ရုပ်သေးကို အပြီးထိကြည့်မှာ"ဟု အမေ့ကို ပူဆာထား၍ အမေက အင်္ကျီအထပ်ထပ်ဝတ်.. တဘက် ခေါင်းပေါင်းပြီး လိုက်ပို့သည်။ တန်ဆောင်မုန်း၏ အအေး ဓာတ်က အစွမ်းပြသည့် ညများလည်းဖြစ်ချေ၏။ ကျွန်တော်က မြင်းထွက်၊ ဘီလူးထွက်၊ မျောက်ထွက်သည့် ဟိမဝန္တာခန်းကို သဘောကျနေသည်။ ရုပ်သေးပွဲမှာတီးနေသည့် ဆိုင်းကလည်း အိမ်နားက ရွာစားစိန်ဘကျွဲဆိုင်း...။ ဆိုင်းက လင်းကွင်းကြီးခြမ်းခနဲ ခြမ်းခနဲတီး..။ မောင်းကြီး တဒူဒူနှင့် ပတ်မကြီး ထီထီကိုပင် အထူးအဆန်း အံ့အား သင့်နေသည်။ ပြဇာတ်လည်းပါ၏။ သို့သော် မမှတ်မိ...။ နှစ်ပါးသွား စခန်းချနှင့် မြိုင်ထကို သဘောကျသည်။ ပြီးတော့ နောက်ပိုင်းဇာတ်ထုပ်ကြီး...။ ရုပ်သေးမင်းသား ရုပ်လေးက သျှောင်တစောင်းထိုးပြီး ထွက်လာတာ။ အပူတိုက်မှာ ဆံပင်ကိုဖြန့်ပြီး ခေါင်းလေးစောင်းကာ စောင်းကာ ငိုချင်းချတာ...၊ ဒါပဲ မှတ်မိပါ၏။ ဘာဇာတ်တော်ကြီးလဲမသိ..။ အမေက ကျွန်တော့်ကို ရင်ခွင်ထဲထည့် တဘက်ထူကြီးဖြင့် ပွေ့ပိုက်ထားကာ ရုပ်သေးမပြီးမချင်း ပြခဲ့ဖူးပါသည်။ ကျွန်တော်ရုပ်သေးပွဲ ကြည့်ဖူးတာ ဒါပဲဖြစ်ပါသည်။

 

ဘယ့်နှယ် ကိုဗစ်ရောဂါကပ်ဘေးကြောင့် မန္တလေး၏ နာမည်ကျော် ဘုရားပွဲများပင် ပွဲလမ်းနှင့် မကျင်းပဖြစ် တော့သည့် ကာလမှာ အိမ်တွင်းပုန်းနေရင်း လွန်ခဲ့သော နှစ် ၄၀ ကျော်က ရုပ်သေးပွဲတွေ လွမ်းနေမိပါလိမ့်။ ။