လက်တွဲခေါ်ဆောင်ခြင်းဖြင့်သာ ...

၁၂ ဒီဇင်ဘာ

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုအပေါ် တုံ့ပြန်ရန်၊ နိုင်ငံတော်နှင့်တကွ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲများကို နိုင်ငံတစ်ဝန်း လုံး၌ ကျင်းပလျက်ရှိသည်။ အင်တိုက်အားတိုက်၊ စနစ်တကျ စည်းလုံးညီညွတ်စွာ၊ အသိတရားရှိရှိဖြင့် ကျင်းပနေကြခြင်းလည်း ဖြစ်သည်။

မိမိတို့နိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့သည် မိုင်ထောင်ချီ ဝေးကွာပြီး နိုင်ငံချင်းဆက်ဆံမှုနည်းပါးလှသော်လည်း အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲခဲ့ခြင်းဖြစ်ရာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ်လွဲမှားသည့် အယူအဆများ၊ ရှုမြင်ချက်များကို အခြေခံနေကြောင်း တွေ့မြင်ရသည်။ မြန်မာနိုင်ငံသည် လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံ သဘောတူစာချုပ် (Convention for the Prevention and Punishment of the Crime of Genocide) ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကပင် လက်မှတ်ထိုးခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ရာ မြန်မာနိုင်ငံတွင် မည်သည့်အကြောင်းကြောင့်မျှ လူမျိုးတုံးသတ်ဖြတ်မှုသည် ယခင်ကလည်း မဖြစ်ဖူးသလို၊ ယခုတွင် နောင်အနာဂတ်တွင်ပါ ဘယ်တော့မှ ဖြစ်ပေါ်လာမည်မဟုတ်ခြင်းကြောင့် ဟူသည့် ယုံကြည်ချက်သန္နိဋ္ဌာန်ဖြင့် ထိုစဉ်က လက်မှတ်ရေးထိုးခဲ့ကြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့သည် လောကပါလတရားကို အလေးထားသည့် နိုင်ငံနှင့် လူမျိုးတို့ဖြစ်ကြသည်။ ဤသည်ကို မြန်မာ့မြေပေါ်တွင် မျိုးဆက်နှင့်ချီ၍ နေထိုင်လာသူအားလုံး မြန်မာနိုင်ငံသား၊ မြန်မာလူမျိုးမှန်သမျှ သိရှိနားလည်ထားကြပြီးလည်း ဖြစ်သည်။ လူကိုသာမက မည်သည့်သတ္တဝါကိုမဆို သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကို မလိုလားကြသူများ ဖြစ်သလို ဘာသာအယူဝါဒ ကိုးကွယ်မှုနှင့်စပ်လျဉ်း၍လည်း လက်ရှိ နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသိအမှတ်ပြုထားသည့် ဘာသာတရားများအားလုံး မြန်မာ့မြေ ပေါ်တွင် တည်ရှိ လာခဲ့ကြသည်မှာ ရာစုနှစ်ချီ၍ ကြာခဲ့ပြီ။ သို့ဖြစ်သည့် အလျောက် လူမျိုးတုံးသတ်ဖြတ်မှုကို ထောက်ခံအားပေးသူများ၊ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်သူများအဖြစ် မြန်မာနိုင်ငံနှင့် မြန်မာ လူမျိုးတို့ကို ပုံဖော်စွပ်စွဲမည်ဆိုပါက လုံးဝလွဲမှားလိမ့်မည်ဖြစ်သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုမှုအပေါ် သွားရောက်ရှင်းလင်းလျက်ရှိသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံမှ ပြည်သူလူထု လူတန်းစား အလွှာအသီးသီး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် အသင်းအဖွဲ့ ပေါင်းစုံ၊ ဘာသာပေါင်းစုံတို့က စုစည်းညီညွတ်စွာ ထောက်ခံလျက်ရှိကြခြင်းမှာ မိမိတို့နိုင်ငံနှင့် ကျိုးကြောင်းဆီလျော် ညီညွတ်သောတရားမျှတမှုကို ရယူလိုခြင်းနှင့် အမှန်တရားပေါ်ပေါက်စေလိုခြင်းတို့အတွက် ဆန္ဒပြုကြခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာလ ၁၁ ရက်သည်ဟိတ်ကော်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားချက်များသည် အပိုအလိုမရှိ၊ ပကတိဖြစ်စဉ် ဖြစ်ရပ်မှန်များကို ရိုးသားပွင့်လင်းမှု၊ တာဝန်ယူမှုစိတ်ဓာတ်အပြည့်ဖြင့် ပြောကြား သွားခဲ့ခြင်းဖြစ်ရာ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဖြစ်ရပ်မှန်၏ အတိမ်အနက်ကို နားလည်နိုင်မှုနှင့် မြန်မာနိုင်ငံအပေါ် စာနာမှုတို့ ဖြစ်ပေါ်လာကြမည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၏ ဇာစ်မြစ်မှာ နှစ်ပေါင်းများစွာကတည်းကပင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့က အဓိကအကျဆုံး အကြောင်းရင်းခံများပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း မြန်မာပြည်သူများ၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ကြိုးပမ်းရုန်းကန်နေရချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေ ဖြင့်လက်ကမ်းကြိုဆို၊ လက်တွဲခေါ်ဆောင်ကြခြင်းကသာ ကောင်းကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အုပ်စုဖွဲ့ ဖိနှိပ်မှု၊ တားဆီး ပိတ်ဆို့မှုတို့ ပြုလုပ်ရန် ကြိုးပမ်းမှုများက မည်သူ့အပေါ်တွင်မှ အကျိုးရလဒ်တစ်စုံတစ်ရာ မဖြစ်ထွန်းစေနိုင်သည့်အပြင် ကမ္ဘာ့သမိုင်းတွင်လည်း မကောင်းသည့် မှတ်တမ်းတို့ကိုသာ ကျန်ရစ်စေလိမ့်မည်ဖြစ်ပါကြောင်း။

မြန်မာ့အလင်း