လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦး (မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး)နှင့် ဦးစီးအရာရှိ ဦးအောင်ကျော်ထွေး (မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး) တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ

နေပြည်တော်  ၆ ဇွန်

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ တာဝန်ပေးချက်အရ သစ်တောဦးစီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)မှ စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအား နိုင်ငံတော်သမ္မတရုံး၏ ၁၁-၆-၂၀၁၈ ရက်စွဲပါ ညွှန်ကြားချက်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးနိုင်ပါရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဤကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့ပါသည်။

 

လွှဲပြောင်းစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (MRRP)ပါ သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေများ ထုတ်ပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးသည် တောအုပ်(၆)ဦးထံမှ စုစုပေါင်း ငွေကျပ် ၆,၁၅၀,၂၀၀/-ကို လည်းကောင်း၊ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးသည် တောအုပ်(၄)ဦးထံမှ စုစုပေါင်း ငွေကျပ် ၃,၇၆၇,၀၀၀/-ကိုလည်းကောင်း ဖြတ်တောက်ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့(၂)ဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့မရဲစခန်းတွင် ၅-၆-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MDN