လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ယူပြီး တတိယနေရာရောက်လာ

စက်တင်ဘာ ၁၆

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်း အနိုင်ရခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲတွင် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ချန်ပီယံမျှော်လင့်ချက် ဆက်လက်ရှင်သန်ခဲ့သည်။ နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထက် လေးပွဲဆက်အနိုင်ရထားသည့် ရန်ကုန်အသင်းသည် ယခုပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ချန်ပီယံမျှော်လင့်ချက်လည်း အခွင့်အရေးနည်းသွားခဲ့သည်။ ရလဒ်ကောင်းနေသည့် အသင်းနှစ်သင်း၏ တွေ့ဆုံမှုတွင် နည်းဗျူဟာပိုမိုကောင်းမွန်သည့် ရှမ်းယူနိုက်တက်အသင်းက အနိုင်ရသွားခြင်းဖြစ်သည်။

 

ချန်ပီယံမျှော်လင့်ချက်အတွက် အရေးပါသည့်ပွဲဖြစ်သောကြောင့် နှစ်သင်းစလုံး လူစုံအသုံးပြုခဲ့ပြီး ပွဲအစပိုင်းတွင် ရန်ကုန်အသင်းက ပိုဖိကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဦးစားပေးပုံစံဖြင့် ကစားခဲ့သော်လည်း ရှမ်းယူနိုက်တက်ခံစစ် အမှားမရှိခဲ့သလို အဓိကကစားသမား မောင်မောင်လွင်လည်း ဒဏ်ရာရခဲ့သောကြောင့် တိုက်စစ်အားပျော့ကာ မိနစ် ၂၀ နောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ပြန်ဖိကစားနိုင်ခဲ့သည်။ ၂၅ မိနစ်တွင် မက်ဆီမင်က ရှမ်းယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရှမ်းအသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သည်။ ၃၇ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဒုတိယဂိုးရခဲ့ပြီး နန္ဒကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းအစတွင်လည်း ရှမ်းယူနိုက်တက်အသင်းက ဆက်လက်ဖိကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို မိနစ် ၅၀ တွင် ပယ်နယ်တီမှတစ်ဆင့် ကိသ်မာတူနာနှင့် ၇၇ မိနစ်တွင် ဇင်မင်းထွန်းတို့က သွင်းယူခဲ့သည်။ ရန်ကုန်အသင်းသည် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက အကောင်းဆုံးထိန်းချုပ်ကာ ပေးဂိုးမရှိဘဲ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ခုနစ်ပွဲဆက်တိုက်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက အားကာသိပ္ပံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်ခဲ့ပြီး အနိုင်ဂိုးများကို မိနစ် ၄၀ တွင် ပြည်မိုးနှင့် ၄၃ မိနစ်တွင် စိုးလွင်လွင်တို့က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၁၆) အပြီးတွင် ဧရာဝတီနှင့် ဟံသာဝတီအသင်းက ရမှတ် ၃၆ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် ဧရာဝတီအသင်းက ပထမ၊ ဟံသာဝတီအသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏နောက်တွင် ရှမ်းယူနိုက်တက်အသင်းက ၃၂ မှတ်၊ ရန်ကုန်အသင်းက ၂၉ မှတ်၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံအသင်းက ၁၆ မှတ်၊ စစ်ကိုင်းနှင့် မကွေးအသင်းက ၁၀ မှတ်စီ၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်