လက်ရှိဘဏ္ဍာနှစ်အတွင်း မြန်မာ့ကုလားပဲဈေးကွက် ပြည်ပဝေစု ၄ ဒသမ ၂၅ ရာခိုင်နှုန်းကျော် ရှိလာ

mdn

နေပြည်တော် ၂၄ မတ်

 

ကမ္ဘာ့ကုလားပဲ စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် ပဉ္စမမြောက် စိုက်ပျိုးမှုများသော မြန်မာနိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ကုလားပဲဈေးကွက်ဝေစု ၄ ဒသမ၂၅ ရာခိုင်နှုန်းကျော် ရရှိလာကြောင်း ကုလားပဲ တင်ပို့ထုတ်လုပ်ရေး လုပ်ငန်းရှင်များ အစုအဖွဲ့မှ  သိရသည်။

 

“ အိန္ဒိယ၊ ပါကစ်စတန်၊ တူရကီ၊ အီသီယိုးပီးယား နိုင်ငံတွေပြီးရင် မြန်မာက ပဉ္စမမြောက် စိုက်ဧကအများဆုံး ဖြစ်သလို အထွက်နှုန်းကလည်း အတူတူပဲ။ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ အစားထိုးသီးနှံအဖြစ် ကုလားပဲ ပြောင်းလဲစိုက်လာတော့ စိုက်ဧကလည်း တိုးလာတယ်။ တစ်ဧကအထွက်နှုန်းဟာ သာမန်ရာသီဥတု အတွက်ဆိုရင်တင်း ၂၀ နှုန်း ထွက်တယ်။ ရာသီဥတု ဖောက်ရင်တော့ တစ်ဧကို ၁၀ တင်း ကျော်ပဲ ထွက်တယ်။ လာမယ့် ဘဏ္ဍာနှစ်မှာ ဈေးကွက်ဝေစု တိုးတက်လာဖို့နဲ့ ဈေးကောင်းရလာဖို့ တင်ပို့တဲ့နိုင်ငံအလိုက် စိုက်ပျိုးမှုတွေ၊ တင်သွင်းမှုတွေကို ဈေးကွက် သုတေသနပြုဖို့ ရှိတယ် ” ဟု ယင်းအဖွဲ့ ဒါရိုက်တာ ဦးကျော် သောင်းထွန်းက ပြောသည်။

 

ကုလားပဲသည် ကမ္ဘာတွင် တတိယအရေးကြီးသော ပဲတစ်မျိုးဖြစ်သည့်အပြင် ပဲစားသုံးမှုနည်းသော နိုင်ငံများ တွင် ဦးစားပေးစားသုံးသော သီးနှံဖြစ်ပြီး အဓိကအားဖြင့် အိန္ဒိယ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ယူအေအီးနိုင်ငံတို့ကို တင်ပို့နေကြောင်း သိရသည်။

 

“ နှစ်စဉ် ကုလားပဲ တန် တစ်သိန်းကျော်ပဲ ပို့နိုင်တာ။ ကျန်တာ ပြည်တွင်းစားသုံးမှု များတယ်။ နိုင်ငံအလိုက် ပို့တာကလည်း မြင့်တက်လာတယ်။ ဒါပေမယ့် ပြည်တွင်းစားသုံးမှုများလို့ ပြည်ပကို လိုသလောက် မပို့နိုင်သေးဘူး။ ပြည်ပများများ ပို့နိုင်မှလည်း တောင်သူတွေ ဈေးကောင်းရလာနိုင်မယ် ” ဟု ရန်ကုန်တိုင်းရှိ ကုလားပဲနှင့် ပဲပုပ်စေ့ တင်ပို့ရောင်းချနေသူ ဒေါက်တာ ကျော်သက်ဦးက ပြောသည်။

 

ကုလားပဲ၏  ကမ္ဘာ့ဈေးကွက်ဝေစု ရရှိမှုမှာ  သြစတြေးလျမှ ၇ဝ ရာခိုင်နှုန်း၊ ကနေဒါမှ ၄ ရာခိုင်နှုန်း၊ တန်ဇန်းနီးယားမှ ၁ဝ ရာခိုင်နှုန်းနှင့် အမေရိကန်မှ ၃ ရာခိုင်နှုန်း တင်သွင်းကြောင်း သိရပါသည်။

 

နှစ်စဉ် ကုလားပဲကို  ဒီဇင်ဘာလကုန်တွင် စိုက်ပျိုးပြီး မျိုးစေ့ကောင်းမွန်ကာ ရာသီဥတုမျှတပါက တစ်ဧကလျှင် တင်း ၂၀ အထိ အထွက်နှုန်းရှိပြီး မျိုးစေ့အနေဖြင့် ရေဆင်းကုလားပဲနီ(အဖြူ)၊ ရွှေနီလုံးကြီးတို့ကို ပိုမိုစိုက်ပျိုးပြီး တစ်ဧကလျှင် အပင်တစ်သိန်းသုံးသောင်းကျော် ဖြစ်ထွန်းရန် လိုအပ်သည်ဟု သိရသည်။

 

မြန်မာနိုင်ငံတွင် ကုလားပဲကို အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးကာ ဇန်နဝါရီမှ ဧပြီလအတွင်း ရိတ် သိမ်းကြပြီး ကုလားပဲကို  စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။

 

ဇာလင်းသူ(AMIA)
ဓာတ်ပုံ- ကေဇူး (AMIA)