လက်ဖက်သုပ်လေးစားကြမယ်

၁၅  ဒီဇင်ဘာ

 

မိုးအေးအေးမှာ လက်ဖက်သုပ်လေးစားရင်း ရေနွေးကြမ်းလေး သောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုးအများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေစုစုဝေးဝေးနဲ့ စကားဝိုင်းထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေစုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။

 

လက်ဖက်စိမ်းရေနွေးကြမ်းက ဆေးဖက်ဝင်တယ်၊ ရေနွေးကြမ်းကဘယ်လို ဆေးဖက်ဝင်တယ်လို့ ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်း ရှေးအစဉ်အဆက်ကတည်းက ဆေးဖက်ဝင်တဲ့ စားစရာအဖြစ် လက်ခံထားကြပါတယ်။ မြန်မာလူမျိုး တွေကလည်းရှေး အစဉ်အဆက်ကတည်းက လက်ဖက်ကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့ အခါမျိုးမှာလည်း လက်ဖက်စားပြီး ပြေငြိမ်းကြတာမျိုးရ ှိပါတယ်။

 

လက်ဖက်ကို မြေပဲ၊ နှမ်း၊ ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။န ောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီတွေကို ပါးပါးလေးလှီးထည့်ပြီး သုပ်စားတာမျိုးလည်း ရှိပါတယ်။ လက်ဖက်ကို အချို့နယ်ဘက်တွေမှာဆိုရင် သင်္ဘောရွက် နုနုလေးတွေ၊ ပြောင်းဖူးပြုတ်၊ ပန်းဂေါ်ဖီ၊ ဆလတ်ရွက်တို့ကို ထည့်ပြီးသုပ်စားတာမျိုး တောင်ရှိပါတယ်။ လက်ဖက်ကစ ားလို့တင်ကောင်းတာမဟုတ်ဘဲ ဆေးဖက်လည်း ဝင်ပါသေးတယ်။

 

လက်ဖက်ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံလေးတွေက

 

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် လက်ဖက် -လက်ဖက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ Oxidative stress ကြောင့် ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာပါဝင်နေတဲ့ catechins က ဆဲလ်တွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးတဲ့နေရာမှာ ဗီတာမင် C နဲ့ ဗီတာမင် E တွေထက်ပိုသာပါတယ်။ လက်ဖက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အချို့ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါသေးတယ်။

 

နှလုံးကျန်းမာရေးအတွက် လက်ဖက် – နောက်တစ်ချက်က လက်ဖက်စားသုံးပေးတာက နှလုံးကျန်းမာရေးက ကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းမှာဖြစ်ဖြစ် နေပူပြပြီးလုပ်ထားတဲ့ လက်ဖက်မှာပဲဖြစ်ဖြစ် ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းကို လက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လက်ဖက်ကို နေ့စဉ်စားသုံးတာပဲဖြစ်ဖြစ် လက်ဖက်စိမ်း ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင် သွေးတိုးကျစေမှာ သေချာပါတယ်။

 

ကိုယ်အလေးချိန်ကျစေဖို့အတွက် လက်ဖက် – လက်ဖက်မှာ ကဖင်းဓာတ်က ပါဝင်နေမယ်ဆိုတာတော့ ပြောစရာတောင်မလိုပါဘူး။ လက်ဖက်မှာပါတဲ့ ကဖင်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ယာယီသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းက ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ပေးနိုင်သလို လက်ဖက်ရွက်ကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျဆင်းစေမှာ အသေအချာပါ။ နေ့စဉ် လက်ဖက်ကို စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ကအဆီတွေကို လျော့ကျစေမှာဖြစ်ပါတယ်။

 

လက်ဖက်သုပ်စားသင့်တဲ့ အကြောင်းအရင်းတွေ

 

လက်ဖက်သုပ်က အိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင် အိပ်မပျော်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီး စားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာ ထက်စာရင်တော့ လက်ဖက်သုပ်စားတာက ခန္ဓာကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည် သောက်တာက အဆီပိုများသလို ကယ်လ်လိုရီလည်းပိုများပါတယ်။

 

 

နောက်တစ်ချက်က လက်ဖက်မှာ စိတ်ပူပန်မှုတွေ နဲ့ ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ) ကို သက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanine ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါ တော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါသေးတယ်။

 

ဘယ်သူတွေလက်ဖက်မစားသင့်ဘူးလဲ

 

လက်ဖက်က ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေ အများကြီးဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါ။ အများကြီးတော့ မစားသင့်ဘူးပေါ့။ ဘယ်သူတွေက ပိုမစားသင့်ဘူးလဲဆိုရင် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ကျောက်ကပ်ဝေဒနာသည်တွေ၊ အသည်းဝေဒနာသည် တွေကတော့ မစားသုံးသင့်ပါဘူး။ နောက်တစ်ချက်က သံဓါတ်အားနည်းသူတွေပါ။

 

ကဖင်းဓာတ်ပါတဲ့ အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင် သာမန်ကျန်းမာတဲ့သူတွေမှာတောင် အိပ်မပျော်တာ၊ ခေါင်းထဲမှာ ငြီးစီစီဖြစ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဝမ်းသွားတာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လက်ဖက်မှာလည်း ကဖင်းဓာတ်ပါတာကြောင့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဖို့ပါ။ တစ်နေ့တာလုံး လက်ဖက်သုပ်လည်းစား၊ လက်ဖက်ရည်လည်းသောက်၊ ကော်ဖီလည်း သောက်တာမျိုးဆိုရင်တော့ ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတယ်မည်တာပေါ့နော်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ဆေးဖက်ဝင်တဲ့လက်ဖက်ကို အတိုင်းအချင့်လေးနဲ့ စားသုံးပြီးကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားလိုက်ပါ။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”