လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး video conferencing ဖြင့်ကျင်းပ

နေပြည်တော်  ၂၁  စက်တင်ဘာ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် video conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ လုပ်ငန်းကော်မတီဝင်များနှင့် UNICEF (Myanmar) မှ Ms. Noriko Izumi (Chief of Child Protection) နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် အသိပညာပေးမှုအပိုင်း၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ လက်မှတ်ရေးထိုးထားသော Multi-Year Work Plan (2020-2021) ပါ လုပ်ငန်းစဉ်မှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို အများပြည်သူသိရှိနိုင်ရေး လုပ်ငန်းစဉ်ပါ သဘောတူညီချက်အတိုင်း ဆက်လက်ဆောင် ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ (၂၀၀၅) နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ်ကြီးလေးသော ကျူးလွန်မှု (၆) ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့်ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီးရန်အတွက် ရည်ရွယ်ပြီး “လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ” ကို နိုင်ငံတော်အစိုးရမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၇) ရက် တွင်ဖွဲ့စည်းပေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ်သေကျေ ထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) ရေးဆွဲခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် (၁၀) ရက် တွင် နိုင်ငံတော်သမ္မတရုံးမှ အဆိုပါ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်