လက်ကောင်း အ.ထ.က(ခွဲ) အဆင့်တိုးမြှင့်၊ ကျောင်းဆောင်သစ်များ ပညာရေးဌာနသို့ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မန္တလေး ၂ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ လက်ကောင်း အခြေခံပညာ အလယ်တန်းကျောင်းကို အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ခြင်းနှင့် ကျောင်းဆောင်သစ်များ ပညာရေးဌာနသို့ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခြေခံပညာကျောင်းများသည် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာများကို သင်ပေးရာ နေရာဖြစ်သည့်အတွက် တိုင်းပြည်အတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုချစ်စိတ်၊ တိုင်းရင်သားလူမျိုးများကို ချစ်ခင်တတ်သော စိတ်ဓာတ်များအပြင် ဒီမိုကရေစီစိတ်ဓာတ်များ ရှင်သန်အောင် မွေးမြူပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရွှေမြိုင်ကျောင်းဆောင်၊ ပညာသိင်္ဂီကျောင်းဆောင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးပညာရေး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ကျောင်းဆောင်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခြင်း၊ ကျောင်းအဆင့် တိုးအထိမ်းအမှတ်အလံများ ပေးအပ်ခြင်း၊ အလှူရှင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပီတိစကားပြောကြားခြင်း၊ ကျောင်းသားကျောင်းသူများက ပညာရေးသီချင်းဖြင့် ဖျော်ဖြေခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။

လက်ကောင်း အ.ထ.က(ခွဲ)သည် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်အတွင်း ပုသိမ်ကြီးမြို့နယ်၌ (၅)ကျောင်းမြောက် အဆင့်တိုးမြှင့်ပေးသည့် ကျောင်းဖြစ်သည်။

"ကျောင်းအဆင့် တိုးမြှင့်ပေးတဲ့အတွက် ကျွန်တော်တို့သားသမီးတွေ သုံးမိုင်ကျော်ဝေးတဲ့နေရာက ကျောင်းကြီးကို သွားစရာမလိုတော့ဘဲ ဒီမှာတင် အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်ပါပြီ၊ ဒီလို အ.ထ.က(ခွဲ) ဖြစ်လာတဲ့အခါမှာ ကျောင်းဆောင်တွေကလည်း လိုအပ်လာပြန်ပါတယ်၊ ဒါကြောင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းကမိဘဆရာအသင်းနဲ့ ကျောင်းကော်မတီတို့ ပူးပေါင်းပြီး အနီးအနားရွာတွေက အလှူရှင်တွေရဲ့လူဒါန်းမှုနဲ့ ကျောင်းဆောင်တွေ ဆောက်လုပ်ခဲ့ကြပါတယ်၊ နိုင်ငံတော်အစိုးရနဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်'' ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါကျောင်းကို ၁၉၅၅ ခုနှစ်တွင် မူလတန်းကျောင်း (ပြည်တော်သာကျောင်း) အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် အခြေခံပညာ မူလတန်းကျောင်း၊ ၂၀၀၃ ခုနှစ်တွင် အခြေခံပညာတွဲဖက် အလယ်တန်းကျောင်း၊ ၂၀၀၆ ခုနှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ၂၀၁၆ ခုနှစ်တွင် အခြေခံပညာ အလယ်တန်းကျောင်း၊ ၂၀၁၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

(သတင်းစဉ်)