လိုင်လင်းပီမြို့၌  ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်းဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အားသုံးမှု ၅၀ ရာခိုင်နှုန်း ရောက်ရှိပြီဖြစ်

 လိုင်လင်းပီ ၁၅ ဇူလိုင်

            
 
ချင်းပြည်နယ်  လိုင်လင်းပီမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းကြောင့် ယခုအခါ  မြို့ပေါ်နေပြည်သူများ မီးသုံးစွဲမှု ရာခိုင်နှုန်းအနေဖြင့် ၅၀ ရာခိုင်နှုန်း ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီးစက်တပ်ဆင်အင်အား (250 kVA)ဖြင့် လိုင်လင်းပီမြို့ပေါ်ရပ်ကွက် နှစ်ခုရှိ မီးသုံးသူဦးရေ ၁၉၃ ဦးနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ဘတ်ဂျက်ဖြင့် တပ်ဆင်ထားသည့် လမ်းမီးအလုံးရေ ၅၀ တို့ကို ည ၇ နာရီမှ ၁၀ နာရီအထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ  လိုင်း (၄ ဒသမ ၅)မိုင်အထိ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ ဆက်လက်၍  လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးရေးအတွက် ၂၀၂၀–၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်လည်း လိုင်း (၁ ဒသမ ၅)မိုင်အထိ တိုးချဲ့ဆောင်ရွက်သွားရန် လျာထားလျက်ရှိပြီး မြို့ပေါ် ရပ်ကွက်ရှိ ပြည်သူများ ရာနှုန်းပြည့်လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လိုင်လင်းပီမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့လျှပ်စစ်မှူးရုံးမှ မြို့တာဝန်ခံ ဦးဆက်ကျုံးလျန် ၏ ပြောကြားချက်အရ သိရသည်။

 

လိုင်လင်းပီမြို့ လျှပ်စစ်မှူးရုံးနှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၅၇ ဒသမ ၈၁ သန်းဖြင့် S&M Globel  Hi-Tech Co;ltd.  မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်မှစတင်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

လိုင်လင်းပီမြို့အနေဖြင့် ၂၀၂၂ —၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း မဟာဓာတ်အားလိုင်း ရရှိနိုင်ရေး အတွက် လျာထားလျက်ရှိပြီး ၎င်းအပြင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှလည်း လိုင်လင်းပီမြို့အနီးရှိ တီဆီးချောင်း၌ ရေအားစူးစမ်းလေ့လာခြင်း၊ ရေစီးနှုန်းတိုင်းတာခြင်းနှင့် မိုးရေချိန်တိုင်း တာခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုင်လင်းပီမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ အနေဖြင့် (၂၄)နာရီ လျှပ်စစ်မီးသုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။   

 

ယာကမ်(ပြန်/ဆက်)