လွိုင်လင်မြို့နယ်၌ ဘိန်းခင်း ၃၂၆၅ ဒသမ ၅ ဧကအား ဖျက်ဆီး

လွိုင်လင်၊ ၂၆ ဇန်နဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ စိုက်ပျိုးထားသော ဘိန်းခင်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်မြေခံ တပ်မတော်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ သစ်တော ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းကာ  အဖွဲ့ လေးဖွဲ့ခွဲ၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ 

ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့အား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟိန်း ဦးစီးအဖွဲ့(၁) ဦးစီးကာ လွိုင်လင်မြို့နယ် ပင်လုံမြို့ အနောက်ဘက်ခြမ်းဒေသရှိ တောင်ကုန်း / တောင်စောင်းများတွင် စိုက်ပျိုးထားသော သီးပွင့်ဆဲ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ၁၃၆၆ ဧကကို ဖျက်ဆီးခဲ့ပြီး ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ လေးဖွဲ့က ဇန်နဝါရီ ၂၄ ရက်အထိ ဘိန်းခင်း ၃၂၆၅ ဒသမ ၅ ဧကကို ဖျက်ဆီးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ဘိန်းခင်းများကိုလည်း ဆက်လက် ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

နန်းဦးခမ်း(လွိုင်လင်)