လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တို့၌ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်လာပြီး ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျထားရှိ

ပင်လုံ ၉ ဇူလိုင်

 

ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်မြို့နယ် ပင်လုံမြို့သို့ ယမန်နေ့ ည ၇ နာရီ ၄၅မိနစ်ခန့်က ထိုင်းနိုင်ငံ မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ နေရပ်ပြန်ပြည်သူ(၂၁) ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

 

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၁၃)ဦး၊ အမျိုးသမီး(၈)ဦး စုစုပေါင်း (၂၁)ဦး ထပ်မံဝင်ရာက်လာကြောင်း သိရပြီး ၎င်းတို့အား ပင်လုံတက္ကသိုလ် ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျစီစဉ်ထားရှိပေး၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက် ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်နှင့် တာဝန်ရှိသူများက သတ်မှတ်စောင့်ကြည့်ရေး စခန်း၌ (၇)ရက်ပြည့်မီ အောင်နေထိုင်သွားကြရန်၊ လိုအပ်သည်များကို တင်ပြသွားရန်၊ ကန့်သတ်စောင့်ကြည့် နေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာသွားရန်၊ မိမိတို့ ကျန်းမာရေးအား အထူးဂရုစိုက်ရန်မှာကြားသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ(၂၁)ဦးတို့၏ တို့ဖတ်(Swab) နမူနာကို ရန်ကုန် အမျိုးသားဓာတ်ခွဲစစ်ဆေး ဌာနသို့ နမူနာပေးပို့ သွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့(Negative) ဖြစ်လျှင် ရောဂါပိုး ကင်းစင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ မြို့များသို့ စနစ်တကျ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

 

ကျန်(၁၄)ရက်အား သက်ဆိုင်ရာမြို့များရှိ ကန့်သတ်စောင့်ကြည့်ရေး စခန်းအသီးသီး၌ ဆက်လက် နေထိုင်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။ ပင်လုံတက္ကသိုလ် ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ယခုကာလအတွင်း ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ စုစုပေါင်း ၆၀ ရှိကြောင်းသိရှိရသည်။

 

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)

 

mdn