လီဗာပူးတွင် ဆာလက်ကစားနေစဉ်ကာလအတွင်း ၎င်းထက် ဂိုးပိုသွင်းယူနိုင်သူ နှစ်ဦးသာရှိ

၇  အောက်တိုဘာ

လီဗာပူးအသင်းသို့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရောက်ရှိလာချိန်မှစ၍ လက်ရှိအချိန်အထိ ဆာလက် သွင်းယူထားသော ဂိုးအရေအတွက်ထက် ပိုမိုဂိုးသွင်းယူနိုင်သည့် ကစားသမားနှစ်ဦးသာရှိကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

တိုက်စစ်မှူးဆာလက်သည် ၂၀၁၇ ခုနှစ် နွေရာသီဈေးကွက်ကာလအတွင်းတွင် ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ တိုက်စစ်မှူး ဆာလက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်တွင် လီဗာပူးအသင်းက အိမ်ကွင်း၌ ဆောလ်ဘတ်အသင်းအား လေးဂိုး-သုံးဂိုးဖြင့်  အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူ နိုင်ခဲ့သူဖြစ်ကာ လီဗာပူးကစားသမားဘဝ သက်တမ်းအတွင်း စုစုပေါင်း သွင်းဂိုး ၇၇ ဂိုးအထိ သွင်းယူထားသူ ဖြစ်သည်။

အဆိုပါကာလအတွင်း တိုက်စစ်မှူးဆာလက်ထက် ဂိုးအရေအတွက် ပိုမိုသွင်းယူနိုင်သည့် ကစားသမားနှစ်ဦးမှာ ဘာစီလိုနာတိုက်စစ် ကစားသမား လီယွန်နယ်မက်ဆီနှင့် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝမ်ဒေါ့စကီတို့ ဖြစ်သည်။ တိုက်စစ်ကစားသမား မက်ဆီသည် အဆိုပါကာလအတွင်း ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၉၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးသည် ၉၅ ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်စစ်မှူး ဆာလက်သည် လီဗာပူးအသင်းကစားသမား ဘဝမဆုံးရာသီဖြစ်သည့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘောလုံးရာသီ၏ ပရီမီယာလိဂ်ပြိုင်ပွဲတွင် ၃၂ ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သကဲ့သို့ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘောလုံးရာသီ၏ ပရီမီယာလိဂ်ပြိုင်ပွဲတွင်လည်း အသင်းဖော် မာနေး၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်တို့နှင့် အတူသွင်းဂိုး ၂၂ ဂိုးစီဖြင့် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ပူးတွဲရပ်တည်ခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် အီဂျစ်လက်ရွေးစင်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ နည်းပြ အယ်လ်ဘာဒရွိုင်းသည် ၎င်းတာဝန်ယူမည့် ပထမဆုံးပွဲတွင် အီဂျစ်လက်ရွေးစင်အသင်း ကပ္ပတိန်ဖြစ်သူ ဆာလက်အား အသုံးမပြုဘဲ အနားပေးထားမည်ဖြစ်သည်ဟု ဆိုသည်။ နည်းပြဘာဒရွိုင်းသည် လာမည့် အောက်တိုဘာ ၁၄ ရက်တွင် ဘော့ဆွာနာနှင့် ယှဉ်ပြိုင်ကစားမည် ခြေစမ်းပွဲစဉ်တွင် အီဂျစ်အသင်းအား ပထမဆုံးအကြိမ် တာဝန်ယူမည် ဖြစ်သည်။

အောင်က