လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် မစောင့်နိုင်၍ ချယ်လ်ဆီးသို့ပြောင်းရန် တီမိုဝါနာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ဟုဆို

၆  ဇူလိုင်

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားမည့်အချိန်ကို မစောင့်နိုင်၍ ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ဘောလက်က ပြောကြားခဲ့ပါတယ်။

နည်းပြ ကလော့က လောလောလတ်လတ် ပရီမီယာ လိဂ်ဖလားကို ရယူပေးနိုင်ခဲ့တဲ့ လီဗာပူးအသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ စီစဉ်နေတာကြောင့် ဂျာမနီ တိုက်စစ်မှူး တီမိုဝါနာဟာ နွေရာသီကာလအတွင်း လီဗာပူး အသင်းဆီ ပြောင်းရွှေ့ကစားဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါ တယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအခက်အခဲရှိခဲ့တဲ့အတွက် ကစားသမားခေါ်ယူမယ့်အစီအစဉ်ကို ပြန်လည်ဆန်းစစ်ဖို့ စီစဉ်နေတာဖြစ်လို့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကစား ဖို့ တီမိုဝါနာက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီစတင်ချိန်မှာ နည်းပြ ဖရန့်လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကစားမှာလည်းဖြစ်ပါ တယ်။ တီမိုဝါနာဟာ မှန်ကန်တဲ့ ပြောင်းရွှေ့မှုတစ်ခုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီမီယာလိဂ်ဖလားတစ်ကြိမ်နဲ့ အက်ဖ်အေဖလား နှစ်ကြိမ် ရယူဆွတ်ခူးပေးနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း မိုက်ကယ်ဘောလက်က ပြောကြားခဲ့ ပါတယ်။

ငွေကြယ်