လေထုညစ်ညမ်းမှုက ကျန်းမာရေးအပေါ် ဒီလိုသက်ရောက်နေပါတယ်

၁၉  ဇန်နဝါရီ

အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့်ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်း ရှိနေပါတယ်။ ကမ္ဘာကြီးမှာ တိုးတက်မှုတွေများလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးရော လူတွေရဲ့ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေ တိုးတက်လာတာကြောင့် နေ့စဉ်အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ရေ၊ လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။


ဒီတစ်ခေါက်တော့ လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတာကို ပြောပြပေးမယ်နော်။ လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါ။ လေ့လာမှုတွေအရ လေထုညစ်ညမ်းမှုကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ်ကမ္ဘာတစ်လွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါး ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။

ဒီအချက်တွေကြောင့်လေထုညစ်ညမ်းနိုင်ပါတယ်

•    မြို့ပြဒေသတွေမှာ လူနေထူထပ်လာမှုတွေ၊
•    စွမ်းအင်တွေအမြောက်အမြားအသုံးပြုမှု၊
•    လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊
•    သွားလာပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေအသုံးပြုမှု
•    ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု
•    တောမီးလောင်မှု
•    စက်ရုံအလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့် လေထုညစ်ညမ်းမှုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ဒီရောဂါတွေဖြစ်နိုင်ပါတယ်

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးတော်တော်လေးထိခိုက်နိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့

•    အသက်ရှူကြပ်တာ
•    အသက်ရှူလမ်းကြောင်းမှာ မအီမသာဖြစ်တာ
•    မျက်လုံးတွေကျိန်းစပ်တာ
•    အသားအရေ‌တွေခြောက်သွေ့တာမျိုး ခံစားရနိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အခါ လေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်း စနစ်၊ သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီး အဆုတ်၊ နှလုံးနဲ့ ဦးနှောက်တို့ ထိခိုက်ပျက်စီးနိုင်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
လေထုညစ်ညမ်းမှုကြောင့် 

•    နှလုံးသွေးကြောဆိုင်ရာရောဂါ
•    အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ
•    ခေါင်းကိုက်မယ်
•    စိတ်ဖိစီးမယ်
•    လည်ချောင်းတွေစပ်မယ်
•    အဆုတ်ထိခိုက်တာ
•    မောပန်းလွယ်တာ
•    မအီမသာဖြစ်တာ
•    အသက်ရှုလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေပျက်စီးတာဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းမှုကို ကာလရှည်ကြာထိတွေ့မယ်ဆိုရင်တော့

•    အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
•    အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
•    ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
•    လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
•    အဆုတ်ကင်ဆာခံစားရနိုင်တယ်
•    အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
•    နှလုံးထိခိုက်နိုင်တယ်
•    နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
•    အသည်းထိခိုက်တာခံစားရနိုင်တယ်
•    ပန်ကရိယထိခိုက်နိုင်တယ်
•    သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
•    အာရုံကြောစနစ်ထိခိုက်နိုင်တယ်
•    ကိုယ်ခံအားနည်းတာကြောင့်ရောဂါဝင်လွယ်လာမယ်။

ဘယ်သူတွေကအထိခိုက်နိုင်ဆုံးလဲ

•    နှလုံးရောဂါရှိသူတွေ
•    ဆီးချိုရှိသူတွေ
•    ပန်းနာရင်ကြပ်ရောဂါရှိသူ
•    အဆုတ်ရောဂါရှိသူ
•    ကိုယ်ဝန်ဆောင်မိခင်တွေ
•    ပြင်ပမှာ အလုပ်လုပ်ရသူတွေ
•    အသက်အရွယ်ကြီးရင့်သူတွေ
•    ကလေးငယ်တွေ
•    အားကစားသမားတွေကလေထုညစ်ညမ်းမှုကို အခြားသူတွေထက် ပိုခံစားရနိုင်ပါတယ်။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”