လေရှီးမြို့နယ်၌  သောက်သုံးရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

လေရှီး ၂၃ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လေရှီးမြို့နယ်အတွင်းရှိ နမိယူပီကျေးရွာ၊ ငကျန်ကျေးရွာ၊ မိုဒွန်ကျေးရွာနှင့် မယလုံကျေးရွာတို့တွင်  သောက်သုံးရေရရှိရေးလုပ်ငန်းများကို  ဧပြီလပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါရေရရှိရေးလုပ်ငန်းများကို   နမိယူပီကျေးရွာတွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉.၈ သန်းဖြင့် အရှည် ၂ မိုင်ရှိ ၂ လက်မရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း၊ ငကျန်ကျေးရွာတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၈.၃ သန်း ဖြင့် အရှည် ၅ မိုင်ရှိ ၂ လက်မရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ဆံ့ရေကန်တည်ဆောက်ခြင်းနှင့် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် အောင်လန်ညီနောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး မိုဒွန်ကျေးရွာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၆.၈၂၅ သန်းဖြင့် အရှည် ၂ မိုင်ရှိ ၂ လက်မ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ရေတားတမံတည် ဆောက်ခြင်းလုပ်ငန်း၊ မယလုံကျေးရွာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၁.၆၉၆သန်းဖြင့် အရှည် ၂ မိုင်ရှိ ၂ လက်မရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၁၀၀၀ဆံ့ရေကန်တည်ဆောက်ခြင်းနှင့် ရေတားတမံတည် ဆောက်ခြင်းလုပ်ငန်းတို့ကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ အစုအဖွဲ့ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများရှိ အိမ်ခြေ ၂၀၀ ကျော်ရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေများ ဖူလုံစွာရရှိနေပြီးဖြစ်ကြောင်း လေးရှီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့ထံမှ သိရသည်။

 

သျှားညီ