လေးမျက်နှာမြို့နယ်  သဲနုကုန်းကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

လေးမျက်နှာ  ၈  ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိရန် လိုအပ်သည့်သဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများအား ဩဂုတ် ၇ ရက် မွန်းလွဲ ၂ နာရီက လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

“နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်ပြုလုပ်ရာမှာ (၁၈)နှစ်ပြည့်ပြီး အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးကြမည့်သူများအတွက် အဓိကထား ဆောင်ရွက်ပေးမှာဖြစ်တယ်။ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ၊ ပျက်စီး၊ ပျောက်ဆုံးသူများကို မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ကျန်ရှိနေသေးတဲ့ ရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက် လက်ကွင်းဆင်းပူးပေါင်းဆောင်ရွက်သွား ပါမယ် ”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက ပြောကြားသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဦးက နိုင်ငံသား စိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)