လေ့လာစရာ ရေတံခွန်တောင်ရဲ့ အလှတရား

မန္တလေး ၂၄ စက်တင်ဘာ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာအနီးရှိ ရေတံခွန်တောင်မှာ စိတ်ဝင်စားဖွယ်ကောင်းသော တောင်တစ်တောင်ဖြစ်သည်။ ရေတံခွန်တောင်ပေါ်သို့ ဘုရားဖူးလာသော ဘုရားဖူးအများစုမှာ မျောက်စာကျွေး ကုသိုလ်ယူကြသည်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်သည် စိတ်ဝင်စားစရာများစွာ တည်ရှိနေသော ဒေသပင်ဖြစ်သည်။

ပိုန်သုကြီ၊ ပန်သူကြီး၊ ပံသုကျီအမည်များဖြင့် စတင်ခေါ်ဝေါ်ကာ နောက်ပိုင်း ပုသိမ်ကြီးအဖြစ် ပြောင်းလဲခေါ်တွင်လာပုံမှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၂၃၁ ဒသမ ၈၂ စတုရန်းမိုင်ရှိပြီး အရှေ့ဘက်တွင် ရှမ်းရိုးမတောင်ကုန်း တောင်တန်းများ ကာစီးထားသည့် လှပသောနေရာပင်ဖြစ်သည်။

ရေတံခွန်တောင်တွင် သဘာဝအတိုင်း မျောက်များစွာ ကျင်လည်ကျက်စားနေသည့် မြင်ကွင်းကို မြင်တွေ့နိုင်သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ဧည့်လမ်းညွှန်များက နိုင်ငံတကာခရီးသွားဧည့်သည်များကို အလေးထားပို့ဆောင်သည့် နေရာတစ်ခုအထိ ဖြစ်လာသည်။ ဧည့်သည်များမှာ သဘာဝဂေဟစနစ် ကောင်းမွန်ကာ မျောက်များ သဘာဝအတိုင်း ကျက်စားနေသည်ကို အလေးထား မှတ်တမ်းယူလေ့ရှိသည်။

မျောက်အများစုမှာ ရေတံခွန်တောင်ပေါ်တွင် နေထိုင်ပြီး ရေတံခွန်တောင်ထိပ် မျောက်စာကျွေးရာနေရာတွင် လာရောက်အစာစားလေ့ရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များမှာလည်း နေ့စဉ်အစာကျွေးသည့်အတွက် မျောက်အများစုမှာ တောင်ထိပ်တွင် စုဝေးလေ့ရှိသည်။ ယခင်က မျောက်အနည်းငယ်သာ ရှိခဲ့ရာမှ ယခုအခါ ခန့်မှန်းခြေ မျောက် ၁၀၀၀ ကျော်အထိ ရှိလာသည်။ ရေတံခွန်တောင်တွင် မျောက်များ လူနှင့် နီးနီးကပ်ကပ် ကျင်လည်ကျက်စားလာသည်မှာ နှစ် (၂၀) ခန့်ရှိပြီဖြစ်သည်။ မြောက်အုပ်စုသုံးစုရှိကာ သူ့အုပ်စုနှင့်သူ အလှည့်ကျ လာရောက်စားသောက်ကြသည်။

ရေတံခွန်တောင်ပေါ်တွင် အဝေးမှ ကြည်ညိုဖွယ် မြင်တွေ့နေရသော အရာတစ်ခုလည်းရှိသည်။ ထိုအရာမှာ ရဟန္တာငါးရာကျော် တာဝတိံသာမှကြွလာဟန် ရုပ်တုများပင်ဖြစ်သည်။ အဝေးမှပင် ကြည်ညိုဖွယ် ဖူးမြင်ရပြီး စီစဉ်တည်ဆောက် ထုလုပ်မှုမှာစနစ်ကျလှသည်။ ရေတံခွန်တောင်ပေါ်မှ တောင်ခြေရှိ  ရွှေနတ်တောင်မုနိ အောင်မြေကျောင်းအထိ ရဟန္တာရုပ်တုများ ကြွလာဟန်ပုံများမှာ ကြည်ညိုဖွယ်ဖြစ်သည်။ ဆက်လက်၍ ရဟန္တာရုပ်တုများကို ပြုလုပ်ပူဇော်လျက်ရှိသည်။ လက်ရှိကာလ ရေတံခွန်တောင်မှာ ဂေဟစနစ်ကောင်းမွန်ကာ မန္တလေးမြို့အနီးမှ လှပသော နေရာတစ်ခုအဖြစ် တည်ရှိနေသည်။         

တိမ်တမန်