လေ့လာစရာ ကျောက်ဆည်မြို့မှ မြန်မာ့ရိုးရာ ဆင်ရုပ်လုပ်ငန်း

ကျောက်ဆည် ၂၅ စက်တင်ဘာ

ကျောက်ဆည်မြို့၏ အမှတ်တရသင်္ကေတများထဲတွင် စက္ကူဖြင့်ပြုလုပ်သော ဆင်ရုပ်များ အဓိကပါဝင်နေသည်။ ကျောက်ဆည်မြို့တွင် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသည့် ဆင်ရုပ်လုပ်ငန်းကို ကျောက်ဆည်မြို့ ဖောင်ရွာတစ်ရွာလုံးနီးပါး လုပ်ကိုင်ကြပြီး အခြားရပ်ကွက်များတွင်လည်း ပြုလုပ်ရောင်းချကြသည်။ ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ဆင်ရုပ်ငယ်များမှာ မြန်မာအနုပညာ လက်ရာမြောက်လက်မှု ပစ္စည်းတစ်ခုအဖြစ် ထင်ရှားပြီး ပြည်တွင်းပြည်ပ ခရီးသွားများ အထူးနှစ်သက်ကြသည်။

ဆင်ရုပ်ပြုလုပ်သည့်လုပ်ငန်းမှာ လက်ဝင်ပြီး ရွှေချည်ထိုးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ရသည်။ ဆင်ရုပ်ပြုလုပ်ရန်အတွက် သစ်သားမိုပေါ်တွင် စက္ကူများကို ကော်ဖြင့်ကပ်ကြရသည်။ စက္ကူကပ်ပြီးသည်နှင့် နေလှန်းကြရသည်။ ခြောက်သွားပါက မိုပေါ်မှအရုပ်ကို ဓါးဖြင့်ခွဲယူကာ တစ်ဆက်တည်းဖြစ်စေရန် ပြန်လည်ဖာထေးပေးကာ နေပြန်လှန်းပေးရသည်။ ဆင်ရုပ်မို အရွယ်အစား ခုနစ်မျိုး အထိရှိသည်။ လူတစ်ဦးလျှင် ဆင်ရုပ်နှစ်ပေခန့် အရုပ်(၁၀)ရုပ်အထိ ပြီးစီးသည်။ ဆင်ရုပ်ပြုလုပ်ရာတွင် မိုကြမ်းပြုလုပ်သည့်အဆင့်၊ ခုံရိုက်အစွယ်ထိုးအဆင့်၊ ဆေးခြယ်သည့်အဆင့်၊ ရွှေချည်ထိုးတပ်ဆင်သည့် အဆင့်များကို ပြုလုပ်ပေးရသည်။ ဆင်ဦးခေါင်းလှုပ်ယမ်းနိုင်ရန်အတွက် ကျူရိုးကို အသုံးပြုကြရသည်။

ဆင်ရုပ်ပြုလုပ်သူများမှာ မိုကြမ်းကပ်ခြင်းမှအစ ဆေးခြယ်ခြင်း၊ ရွှေချည်ထိုးခြင်းများကို ကျွမ်းကျင်ကြရသည်။ ကျောက်ဆည်မြို့ ဖောင်ရွာတွင် အိမ်ခြေသုံးရာကျော်ရှိပြီး တစ်ရွာလုံးနည်းနီးပါး ဆင်ရုပ်ငယ်များ ပြုလုပ်ရောင်းချကြသည်။ ဆင်ရုပ်ရောင်းသည့် ဆိုင်များကို ဖောက်သည်ပေးခြင်းများအပြင် ကိုယ်တိုင်ရောင်းချသည်လည်း ရှိသည်။ ဆင်ရုပ်အသေးတစ်ခုလျှင် ဖောက်သည်သွင်းဈေး ငွေကျပ် (၁၃၀၀)ကျော်မှ နှစ်ပေနီးပါးအရွယ် ဆင်ရုပ်တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀ ကျော်အထိ ရှိသည်။ အရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများထံမှ ဝယ်ပါက ဈေးပိုပေးရသည်။ လက်ရှိကာလတွင် စက္ကူဆင်ရုပ်ဈေးကွက် အေးနေသည့်အတွက် အချို့သော ဆင်ရုပ်ပြုလုပ်သူများမှာ တန်ဖိုးနည်း ဖော့ဆင်ရုပ်ကလေးများကို ပြောင်းလဲလုပ်ကိုင်လာကြောင်း သိရသည်။            

တိမ်တမန်