လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၈

 

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏​ ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းတွင် ယနေ့နံနက်ပိုင်း၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

 

ဦးစွာ သာကေတမြို့နယ် တိပိဋကာင်္လကာရကျောင်း ဦးစီးပဓာန နာယက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေကြသည်။

 

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ မဟာပဌာန်းရွတ်ဆိုပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)