လောကဝတ်ရဲ့ အဓိပ္ပါယ်နဲ့ ကလေးတို့အတွက် အစပြုလေ့ကျင့်စရာ

မမမေ

လူ့လောကကြီးထဲမှာ လိမ္မာတဲ့ကလေးတွေဖြစ်အောင် လောကဝတ်ဆိုတဲ့ ကဏ္ဍလေးကို အပတ်စဉ်တင်ဆက်လာခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ ကလေးတို့ ဖတ်ရှုနေတဲ့ လောကဝတ်ဆိုတဲ့အဓိပ္ပါယ်နဲ့ ကလေးတို့အတွက် ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို မမကပြောပြပေးချင်ပါတယ်။ လောကဝတ်ဆိုတာကတော့ ကလေးတို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို လေးစားမှုနဲ့ ကြင်နာမှု၊ ကိုယ်ချင်းစာမှုနဲ့ ချစ်ခင်ရင်းနှီးမှုတွေကို အမြဲပေးအပ်ဖို့ အတွက် အလေ့အကျင့်ကောင်းတွေကို ခေါ်ပါတယ်။

ကလေးတို့အတွက် လောကဝတ်ရဲ့ အခြေခံအချက် ၂၀ ကို ဒီတစ်ပတ်အတွက် မျှဝေပေးပါရစေ။ အချို့အချက် တွေဟာ မမအရင်အပတ်တွေက အသေးစိတ်ဖော်ပြခဲ့ပြီးတဲ့အတွက် ကလေးတို့သိပြီးသားတွေလည်း ပါနိုင်ပါတယ်။ ဒီအချက် ၂၀ ကိုတော့ နိုင်ငံတကာလောကဝတ်တွေ အကြောင်းကို ရေးသားရာမှာ နိုင်ငံများစွာကလည်း အသိအမှတ်ပြုတဲ့ မိုင်ကာမီရာကနေ ပြုစုထားတာဖြစ်ပါတယ်။

ပထမဆုံးကတော့ လောကဝတ်ဆိုတာ ဘာလဲဆိုတာ ကလေးတို့အားလုံး မဖြစ်မနေသိရမှာပါတဲ့။ ဒါကတော့ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ နံပါတ် ၂ အချက်က ကျေးဇူးတင်တတ်ပါစေတဲ့။ အရာရာတိုင်းအတွက် ကိုယ့်အပေါ် ကျေးဇူးပြုသူတွေကို ကျေးဇူးတင်တယ်ဆိုတာကို စိတ်ပါလက်ပါ ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ ပြသပေးဖို့ပါ။ 

နံပါတ် ၃ အချက်က စည်းကမ်းရှိရှိနဲ့ ပစ္စည်းတိုင်းကို အသုံးပြုပေးဖို့ပါ။ ဘယ်သူ့ပစ္စည်းကိုပဲ ဖြစ်ဖြစ် ရိုရိုသေသေနဲ့ ကိုင်တွယ်တာလည်း လောကဝတ်ပဲ ဖြစ်ပါတယ်။

နံပါတ် ၄ အချက်က အစားအသောက်နဲ့ပတ်သက်ပါတယ်။ လက်သုတ်ပဝါကို အသုံးပြုပြီး ပါးစပ်ကို သုတ်တတ်အောင်၊ အစားစားတဲ့အခါ စနစ်တကျ စားတတ်အောင် လေ့ကျင့်ကြဖို့လိုပါတယ်။ နံပါတ် ၅ အချက်ကတော့ အစားအသောက်စားရာမှာ ပလုတ်ပလောင်းစားသောက်တာမျိုး မလုပ်ဘဲသူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် စားသောက်ဖို့ပါတဲ့။ နံပါတ် ၆ အချက်က အစားစားတဲ့အခါ စားပွဲကြီးကို လက်နဲ့ထောက်ပြီး မစားချင်စားချင်ပုံစံနဲ့ စားသောက်တာ၊ ပေပွပြီး သေသေချာချာ ထိုင်မစားတတ်သေးတာတွေ ကလည်း သတိပြုဆင်ခြင်သင့်တဲ့အချက် ဖြစ်ပါတယ်။

နံပါတ် ၇ အချက်က သူများတွေစကားပြောနေစဉ်မှာ စကားလုပြောတာမျိုးနဲ့ နံပါတ် ၈ အချက်ကတော့ သူများရဲ့ အသွင်အပြင်တွေကို ကဲ့ရဲ့တာမျိုးမလုပ်မိဖို့ပါ။ ဥပမာ ပြောရရင် သူငယ်ချင်းဝတ်လာတဲ့အင်္ကျီက ရယ်စရာဖြစ် နေတဲ့အတွက် လှောင်ပြောင်တာမျိုး၊ ဝတုတ်နေတဲ့ သူငယ်ချင်းကို ဝက်ကလေးလို့ စနောက်တာမျိုးကို လုံးဝ မလုပ်သင့်ပါဘူးနော်။ နံပါတ် ၉ အချက်က စားကောင်းတာဖြစ်ဖြစ်၊ အဆင်ပြေသွားတာဖြစ်ဖြစ် လုပ်ပေးတဲ့ သူတိုင်းကို အသိအမှတ်ပြုပေးတာပါ။ နံပါတ် ၁၀ အချက်ကတော့ ကျေးဇူးတင်တယ်ဆိုတာကို ထပ်ခါတလဲလဲသတိရနေအောင် ပြောပြတာဖြစ်ဖြစ်၊ အသိအမှတ်ပြုတာဖြစ်ဖြစ် လုပ်ပေးဖို့ပါ။

နံပါတ် ၁၁ အချက်က ကလေးတို့ရဲ့ အကူအညီကိုလိုနေတဲ့ ဘယ်သူ့ကိုမဆို အကူအညီပေးရမှာ ဖြစ်ပါတယ်။ နံပါတ် ၁၂ အချက်က ကလေးတို့ဟာ ဘယ်သူဖြစ်တယ်ဆိုတာကို တိတိကျကျ မိတ်ဆက်တတ်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ လုပ်တတ်တဲ့အရာတွေ၊ အစွမ်းအစတွေကိုလည်း ရိုးရိုးသားသား ပြသတတ်ရမှာဖြစ်ပါတယ်။ နံပါတ် ၁၃ က ကလေးတို့ ပြောပြတာကို လူကြီးမိဘတွေနဲ့ ဆရာသမားတွေ သူငယ်ချင်းတွေက နားလည်အောင် ရှင်းရှင်းလင်းလင်း စကားပြောတတ်ဖို့ လိုပါတယ်။ ချက်ချာသွက်လက်တဲ့ ကလေးကို လူကြီးတွေက အားကိုးတတ်သလို ပိုပြီးလည်း ချစ်ခင်နှစ်သက်ပါတယ်။

နံပါတ် ၁၄ မြောက် အချက်က ကိုယ့်ထက်ကြီးတဲ့ သူတွေကို ခိုင်းတာမျိုး ဘယ်တော့မှမလုပ်မိပါစေနဲ့။ မဖြစ်မနေ အကူအညီတောင်းရတဲ့အခါမှာလည်း အစ်မအရွယ်ကို အစ်မ၊ အစ်ကိုအရွယ်ကို အစ်ကို၊ အဒေါ်အရွယ်ကို အဒေါ် စသည်ဖြင့် ယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်သင့်ပါတယ်။ လူကြီးတွေရဲ့ အမည်ကို ရှေ့ကနေ ဦးဦး၊ ဒေါ်ဒေါ် စသည်ဖြင့် ထည့်ပြီးခေါ်ရမှာ ဖြစ်ပါတယ်။ နံပါတ် ၁၅ ကတော့ တံခါးတိုင်းကို ဖွင့်တော့မယ်ဆိုတိုင်း အရင်ဆုံး တံခါးခေါက်ပြီးမှ ဖွင့်ဖို့ဖြစ်ပြီး နံပါတ် ၁၆ အချက်ကတော့ ဖုန်းပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေးနဲ့ ပြောဆိုသုံးနှုန်းရမှာ ဖြစ်ပါတယ်။

နံပါတ် ၁၇ အချက်က ဘယ်သူနဲ့စကားပြောပြော ကလေးတို့ဟာ ပြောတဲ့သူကို စိတ်ပါလက်ပါ ကြည့်ရှု စကားပြောဆိုသင့်ပါတယ်တဲ့။ မျက်လုံးက လျှောက်ကြည့်ပြီး တစ်ဖက်လူပြောတာကို စိတ်မဝင်စားတာကလည်း မယဉ်ကျေးတဲ့သဘောပေါ့ ကလေးတို့ရေ။ နံပါတ် ၁၈ အချက်က မျက်လုံးကစားတာမျိုး မလုပ်သင့်ပါဘူးတဲ့။ တစ်နေရာကို ရောက်တဲ့အခါ အသစ်အဆန်းမို့ ကလေးတို့က စိတ်ဝင်စားပြီး လျှောက်ကြည့်ပေမယ့် မကြိုက်ကြတဲ့ သူတွေရှိတာမို့ အိမ်အလည်သွားရင်ဖြစ်ဖြစ်၊ ကိုယ်မရောက်ဖူး၊ မသိသေးတဲ့နေရာတွေမှာ အသာအယာ ကြည့်ပြီးမှ စူးစမ်းကြပါလို့ သူကအကြံပြုထားပါတယ်။ နံပါတ် ၁၉ ကတော့ နှာချေတာနဲ့ ချောင်းဆိုးတဲ့အခါတွေမှာ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျူးနဲ့ ဖုံးအုပ်ဖို့ လိုပါတယ်။ နံပါတ် ၂၀ နောက်ဆုံးအချက်ကတော့ ကလေးတို့ တစ်ယောက်တည်း ရှိနေတဲ့အခါ သူငယ်ချင်းတွေနဲ့ကစားဖို့ စိတ်ကူးတယ်ဆိုရင် ဝင်ကစားဖို့ ခွင့်တောင်းရမှာဖြစ်သလို ကလေးတို့ သူငယ်ချင်းတွေနဲ့ ကစားတဲ့အခါမှာလည်း ကျန်နေတဲ့သူငယ်ချင်းတွေ၊ အတူဝင်ကစားချင်တဲ့ သူငယ်ချင်းတွေကို စာနာသနားပြီး ဖိတ်ခေါ်ပေးဖို့ လိုပါတယ်။ ကစားပြီးသွားတဲ့အခါမှာလည်း ကစားစရာတွေကို စနစ်တကျသိမ်းဆည်းဖို့အတွက် အားလုံးမှာ တာဝန်ရှိ တယ်ဆိုတာကိုလည်း သူကသတိပေးထားပါတယ်။ ။