လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာရစေရာ

လူ့ဘုံခန်းဝါ လူတို့ရွာဆိုသည်က ဘာကိုမျှ အလကားမရဟူသည့် ဆိုထုံးရှိ၏။ တစ်စုံတစ်ရာ ရရှိဖို့အတွက် တစ်စုံတစ်ခုကို စွန့်လွှတ် ရသည်သာချည်း။

 

ဂျပန်လူမျိုးတို့တွင်မူ ဤသည်ကို တစ်မျိုးတစ်ဖုံ ဆိုလေ့ရှိ၏။ အလကားရသည့်အရာက ပိုမိုဈေးကြီးသည်၊ ပိုမိုတန်ဖိုးကြီးမား သည် ဟူ၏။

 

တစ်စုံတစ်ခုသော ဘဝ၏ လိုအပ်ချက်အတွက် မိမိတို့၏ ဘဝအတွင်းမှ တစ်စုံတစ်ခုကို ရင်းနှီးပေး ဆပ်ရသည် ချည်းသာ။ ပျော်ရွှင်မှုကို ပေးလိုက်ရသည် ရှိသလို၊ အခကြေး​ငွေပေးလိုက်ရသည်လည်း ရှိ၏။ ရံခါရံဖန်တွင် ပျော်ရွှင်လိုမှုအတွက် မိမိ၏ ကျန်းမာရေးကို ရင်းနှီးဆုံးရှုံးလိုက်ရသည်များ ရှိသလို အချို့သော ရယူလိုမှုတို့အတွက် မိမိတို့၏ အချိန်များကို အသုံးပြုလိုက် ရသည် လည်းရှိ၏။ ကျော်ကြားမှုအတွက်၊ အောင်မြင်မှုအတွက်၊ ချမ်းသာကြွယ်ဝမှုအတွက်၊ သက်ရှည်ကျန်းမာမှုအတွက် မိမိတို့ ကိုယ်တိုင်က ရင်းနှီးမှုများ၊ အားထုတ် ကြိုးပမ်းမှုများ၊ စည်းစိမ်ဥစ္စာများ၊ ရံခါရံဖန်တွင် မိမိ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ မိမိ၏ သီလကျင့်ဝတ် တို့ကိုသော်လည်းကောင်း ပေးဆပ်လိုက် ရသည်များ ရှိချေသည်။

 

မည်သည်က မိမိရသင့်သည်နှင့် ပေးဆပ်ရင်းနှီး လိုက်ရသည်များအကြား မည်မျှထိုက်တန်သည်နည်း။ မိမိပေးလိုက်ရသော ကျင့်ဝတ်သီလနှင့် မိမိရရှိသော စည်းစိမ်ဥစ္စာ၊ မိမိရရှိသော ရာထူး အာဏာ ထိုက်တန်ပါရဲ့လား။

 

သည်လိုဖြင့် အချို့သောအခါများတွင် မိမိ၏ ရင်းနှီးပေးဆပ်ရမှုကို ပြန်လည်စောင်းငဲ့ကြည့်ရန် လိုအပ်လာသည်များရှိလာ၏။ ငွေကြေး အောင်မြင်မှုအတွက် မိမိ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ထိုက်ထိုက်တန်တန်ရခဲ့ခြင်း ဟုတ်ပါ၏လော။ သည်လို ငွေကြေး အောင်မြင်မှုများကို ဘယ်လိုနည်းဖြင့် ရအောင်ယူခဲ့သလဲ။

 

မသမာမှုများဖြင့် လည်းကောင်း၊ အဓမ္မနည်းဖြင့် လည်းကောင်း ရရှိခဲ့ခြင်းဖြစ်လျှင် ထိုရရှိခဲ့မှုမျိုးကို မိမိ၏ သားစဉ်မြေးဆက် မည်သို့မည်ပုံ ဂုဏ် ယူစွာ လက်ဆင့်ကမ်းမည်နည်း။

 

ထို့နည်းတူစွာပင် မည်မျှလောက်ကြီးမားလေးပင်သော ရာထူး ဂုဏ်ထူး ဘွဲ့ထူးမျိုးကိုဖြစ်စေ၊ ပညာရှိတို့အလယ် ရင်ကိုကော့ ခေါင်းကိုမော့ကာ ဝင့်ဝင့်ကြွားကြွား သိက္ခာကြီးကြီးဖြင့် လက်ခံရယူနိုင်ရန် မိမိကိုယ်တိုင်က ထိုက်ထိုက်တန်တန် ပေးဆပ်ရင်းနှီး ခဲ့သည်လား ဟူသည်က လူ့ပတ်ဝန်းကျင် လူ့အသိုင်း အဝိုင်းအတွက် အရေးကြီးသည်ကား အမှန်။

 

နိဗ္ဗာန်ကို ဖြတ်လမ်းက လာဘ်ပေး၍ ရောက်ရန်လမ်းမရှိ။ လူမှုဝန်းကျင်၏ လေးစားအထင်ကြီးမှုကို လာဘ်ပေး၍ ရောက်ရန် လမ်းမရှိ။ သီလသမာဓိ ဖြူစင်မှုကို ဖြတ်လမ်းက လာဘ်ပေး၍ရရှိရန် လမ်းမရှိ။ ပညာကြီးမြင့်မှု၊ လူအပေါင်းတို့၏ ကြည်ညို လေးမြတ်မှုကိုဖြတ်လမ်းက လာဘ်ပေး၍ ရရန်မရှိ။

 

အားလုံးသော ရလဒ်တို့သည် မိမိတို့ကိုယ်တိုင်၏ ကြိုးပမ်းအားထုတ်မှု၊ မိမိတို့၏ ဇွဲ၊ လုံ့လ၊ ပညာတို့ ပေါ်မူတည်ကာ မိမိ ကိုယ်တိုင်ကျင့်ကြံမှုပေါ်သာ မူတည်၏။ မိမိဆောက်တည်သော သီလ၊ မိမိစိုက် ထုတ်သော သမာဓိ၊ မိမိကျင့်ကြံသော ဘာဝနာ တို့ဖြင့်သာ မိမိဘဝအတွက် မိမိကိုယ်တိုင် ရခွင့်ရှိသော၊ မိမိ၏ ပိုင်ဆိုင်သော ကုသိုလ်၊ အကုသိုလ်များသာ ဖြစ်ချေ၏။ မသမာမှု များဖြင့် ရရှိထားသည်ဖြစ်သော အရာတို့သည်ကား မိမိ၏ဂုဏ်၊ သီလ၊ သိက္ခာ၊ သမာဓိများဖြင့် ရင်းနှီးပေးဆပ်လိုက်ရသည် မဟုတ်ပါလော။

 

သံသရာကို ထား၊ မိမိ၏ ဘဝခရီးကို မြင့်မြင့်မြတ်မြတ် ဖြူဖြူစင်စင် ဖြတ်သန်းခြင်း၊ ကိုယ်တိုင် မှန်မှန်ကန်ကန် ကြိုးပမ်း အားထုတ်ခြင်း၊ ကိုယ်တိုင် ဓမ္မတရား၊ အမှန်တရား၊ သစ္စာတရားကို ယုံကြည်စွာ ရင်းနှီးပေး ဆပ်ခြင်းဖြင့်သာ လောကအတွင်း ကမ္ဘာမြေ၏ ဂုဏ်ပြုလေးစားအပ်သော လောကီချမ်းသာ အစစ်အမှန်ကိုသော် လည်းကောင်း၊ လောကုတ္တရာ ချမ်းသာ အစစ်အမှန်ကိုသော် လည်းကောင်း ရရှိနိုင်ပေမည်ဟု နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။     ။

(မြန်မာ့အလင်း)