လစ်လပ်နေတဲ့ အာဆင်နယ်အသင်း နည်းပြရာထူးအတွက် | လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော့ဂျာ ချိတ်ဆက်မှုတွေ ပြုလုပ်နေ

၃  ဒီဇင်ဘာ

အာဆင်နယ်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားမှုတွေ ရှိခဲ့တာကြောင့် နည်းပြအမ်မရီကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီး လက်ရှိမှာ နည်းပြလက်မဲ့ ဖြစ်နေပါတယ်။ အဲဒါကြောင့် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် လက်စတာစီးတီးအသင်း နည်းပြဘရန်ဒန်ရော့ဂျာက ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိပြီး လက်ရှိမှာ ဘရန်ဒန်ရော့ဂျာဟာ အမ်မရီနေရာမှာ အစားထိုးမယ့် နည်းပြစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာဖြစ်ပါတယ်။

နည်းပြ ဘရန်ဒန်ရော့ဂျာဟာ အခုနှစ် ဘောလုံးရာသီမှာ လက်စတာစီးတီးအသင်းကို ပရီမီယာလိဂ် အမှတ်ပေးဇယား ဒုတိယနေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာလည်း အနိုင်ရရှိခဲ့လို့မန်စီးတီး အသင်းအထက်မှာ သုံးမှတ်အသာနဲ့ ရပ်တည် နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဘရန်ဒန်ရော့ဂျာအနေနဲ့ လက်စတာစီးတီးအသင်းနဲ့အတူ နာမည်ရနေတာဖြစ်တာမို့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ဖို့အတွက် လက်စတာစီးတီးအသင်းကနေ ထွက်ခွာမယ်ဆိုရင် အလွန်မိုက်မဲရာကျလိမ့်မယ်လို့ Sky Sports မှ အားကစားကဏ္ဍသုံးသပ်သူ ကာရက်ဂါက အကြံပြုထားပါတယ်။

လက်စတာစီးတီးအသင်းဟာ ထိပ်တန်းအသင်းတွေထဲက တစ်သင်းမဟုတ်ပေမယ့် လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၂ နေရာကနေ ရပ်တည်နေတယ်။ ဘရန်ဒန်ရော့ဂျာအနေနဲ့ ထိပ်ဆုံးကိုရောက်ဖို့ အမှန်တကယ် ဆန္ဒရှိမယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ လက်ရှိအချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ကိုင်တွယ်မယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှု မဟုတ်ဘူးလို့လည်း ကာရက်ဂါ က ဆိုပါတယ်။

ငွေကြယ်