လားရှိုး၌ အုပ်စုဖွဲ့ လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

လားရှိုး ၁၅ အောက်တိုဘာ

 

လားရှိုးမြို့၌ အုပ်စုဖွဲ့ လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့မရဲစခန်းက သိရသည်။

 

ဖြစ်စဉ်များမှာ ဩဂုတ် ၁၇ ရက်က လားရှိုးမြို့ မြဝတီလမ်း၌ နန်းဆိုင်ဟွမ်သည် နေအိမ်သို့ပြန်စဉ် ဆိုင်ကယ်အုပ်စုဖြင့်အဖွဲ့က mi note-5 ဖုန်းတစ်လုံး၊ (၁၆)ပဲရည် တစ်ကျပ်သား လက်စွပ်မောင်းကွင်း (၁)ခု၊ နားကွင်းတစ်စုံကိုလည်းကောင်း၊ ဩဂုတ် ၁၈ ရက်က နန်းမွမ်းအောင်(သားဖွားဆရာမ)သည် လားရှိုးတက္ကသိုလ်ရှေ့၌ mi 5x အနက်ရောင်ဖုန်းတစ်လုံးကို လည်းကောင်း အလုခံရပြီး ဩဂုတ် ၅ ရက်တွင် ဒေါ်ကေသီအောင်သည်လည်း လားရှိုးခရိုင်တရားရုံးရှေ့၌ oppo အနီရောင်ဖုန်းတစ်လုံးတို့ လုယက်ခံခဲ့ရကြောင်း သိရသည်။

 

ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်နယ်ဒုတိယရဲမှူးကြီး ဗညားဦး၏ညွှန်ကြားမှုဖြင့် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းခိုင် စီစဉ်ကြီးကြပ်မှုနှင့် လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်၏ အနီးကပ်ကွပ်ကဲမှုမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်စိုးမိုးဌေး၊ နယ်ထိန်းလင်းလင်းစိုး၊ ပြည့်ဖြိုးမောင်၊ နေလင်းအောင်၊ အောင်ဝေယံတို့မှ ရှာဖွေစောင့်ဆိုင်းဖမ်းဆီးမှုဖြင့် လောဝူ(ခ)ကျော်ခိုင် (၁၆)နှစ်၊ အားဝူ(ခ)ထက်ဝေယံ (၁၅)နှစ်၊ လောက်ရှင်း(ခ)သိန်းထွန်းဝင်းတို့အား သက်သေခံပစ္စည်းများနှင့်လည်းကောင်း၊ ထို့ပြင် လုယက်မှုပစ္စည်းများအား လက်ခံသူ ကိုစံလင်း(ခ)စနေထွန်းတို့အား ဖမ်းဆီးရမိခဲ့ပြီး လုယက်မှုကျူးလွန်သူများအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ဟန်ဌေး(ပြန်/ဆက်)