လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်  အမျိုးသမီးများသင်တန်း အတွက် အမေရိကန်အစိုးရကလှူဒါန်းသော အထောက်အကူပြုပစ္စည်းများ လက်ခံရရှိ 

နေပြည်တော်  ၊ ၂၂   ဇန်နဝါရီ 

လားရှိုးမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ အဆိုပါ ဝန်ကြီးဌာနတွင် Virtual Meeting ဖြင့် ကျင်းပသည်။
    
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)နှင့် ပြန်လည်ထူထောင်ရေးစခန်း(ဖယ်ခုံ)တို့ အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆေးခန်းသုံးပစ္စည်းများကို ၂၀၁၉ ခုနှစ် အတွင်း  ပထမအကြိမ် လှူဒါန်းပေးခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ပထမဆုံးအကြိမ်အဖြစ်ဖွင့်လှစ်မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် လိုအပ်သောအထောက်အကူပြု ပစ္စည်းများ လှူဒါန်းပေးသည့်အတွက် အမေရိကန်အစိုးရနှင့် အမေရိကန်ပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခင်က ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည် ထူထောင်ရေးစခန်း(၉)ခုရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရွှေပြည်အေး၊ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း(၂)ခုကို လွှဲပြောင်းလက်ခံခဲ့ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ကြီးဌာနက ပြည်လည်ထူထောင် ရေးစခန်း(၃)ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သောကြောင့် ယခုအခါ စခန်း(၁၄)ခု ရှိပြီဖြစ်ကြောင်း၊  စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းကာလ (၃)လဖြင့် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းကာလ ရက်ပေါင်း(၄၀) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာ ချိန်မှစ၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ခြင်းကို ယာယီရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ လူ(၃၀)ဦးထက် မပိုစေဘဲ ပြန်လည်ထူထောင်ရေးသင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ သောမတ်စ် လာ့ဇ်လို ဗိုင်ဒါ က အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မူးယစ်ဆေးစွဲခြင်းနှင့် ပတ်သက် သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါကြောင်း၊ မူးယစ်ဆေးစွဲပြဿနာကြောင့် မိသားစုနှင့် ဒေသစီးပွားရေးကိုလည်း ထိခိုက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုမြင့်တက်လာလျက်ရှိပြီး မြန်မာ နိုင်ငံတွင်လည်း အလားတူဖြစ်စဉ်များ ရင်ဆိုင်နေရသည်ကို ကြားသိရပါကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ရပ်အခြေပြုပြန်လည်ထူထောင်ရေး အစီအစဉ်အဖြစ် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ကျား၊ မ မခွဲခြားဘဲ ပြန်လည်ထူထောင်မှုပေးနိုင်ရေးသည် အဓိကကျပါကြောင်း၊ အမျိုးသမီးမူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများရရှိနိုင်ရန်အတွက် ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ် မည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ရခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထို့နောက် Department of State’s Bureau of International Narcotics and Law Enforcement မှ Director Mr. Ryan McKean က ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်း သည် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးထားသော နှစ်နိုင်ငံသဘော တူစာချုပ် (၂၀၁၇) ၏ အကျိုးဆက်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက် လက်၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သုတေသနကိုအခြေခံသော ပြန်လည် ထူထောင်ရေးအစီအစဉ်များတွင် ကူညီလက်တွဲဆောင်ရွက်သွားရန် ရည်ရွယ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း နှင့် Mr. Ryan McKean တို့က အထောက်အကူပြုပစ္စည်းများ လွှဲပြောင်း/ လက်ခံခြင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား လားရှိုး မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦနေရာ၊ အဆောင်များနှင့် ထောက် ပံ့ပစ္စည်းများကို Video မှတ်တမ်းဖြင့် ပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်