လာမည့်မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား ကျောင်းသူ တစ်သိန်း သုံးသောင်းကျော် ဖြေဆိုရန် လျှောက်ထား

မန္တလေး ၂  ဇန်နဝါရီ                       

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ယခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ၁၃၃၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၇ ရက်နေ့တွင် မန္တလေးမြို့ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည့် ကြီးကြပ်ရေးမှူးများ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောကြားသည်။

 

ယမန်နှစ်က အဆိုပါစာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဖြေဆိုရန်လျှောက်ထားသူ ၁၂၃၀၀၀ ကျော်ရှိခဲ့ရာ ယခုနှစ်တွင် လျှောက်ထားသူဦးရေမှာ ယမန်နှစ်ထက် တစ်သောင်းခန့် ပိုမိုများပြားလာကြောင်း သိရသည်။

 

မနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မန္တလေးတိုင်းဒေသကြီးအတွက် စာစစ်ဌာန ၂၀၃ ခု ဖွင့်လှစ်ပေးခဲ့ပေမယ့် ဒီနှစ်မှာ ဖြေဆိုသူ ပိုမိုများပြားလာတဲ့အတွက် စာစစ်ဌာနတွေ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေစွာကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေအနေနဲ့ ကြီးကြပ်ရေးမှူးသင်တန်းတွေကို မန္တလေးမြို့မှာ ဖွင့်လှစ်ပို့ချပေးနေပါပြီဟု ၎င်းက ပြောသည်။

 

ထို့ပြင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် တစ်နိုင်ငံလုံးမှ လျှောက်ထားသူဦးရေ ၈၉၀၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ၉၇၀၀၀၀ ကျော် ရှိနေပြီဖြစ်ရာ ယမန်နှစ်ထက် ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ တစ်သိန်းကျော်ပိုမိုများပြား လာကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နှစ်ထက်တစ်နှစ် ဖြေဆိုသူဦးရေ ပိုမိုများပြားလာပါတယ်။ ဒါကြောင့် မနှစ်က စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စာစစ်ဌာနပေါင်း ၁၈၈၆ ခုဖွင့်လှစ်ပေးခဲ့ပေမယ့် ဒီနှစ်မှာ ဖြေဆိုသူဦးရေများပြားလာတဲ့အတွက် ၁၉၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖြေဆိုဖို့လျှောက်ထားသူ အများဆုံးကတော့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ပဲ ဖြစ်ပါတယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၁၁၉၂၁၀ ဦး ၀င်ရောက်ဖြေဆိုခဲ့ကြပြီး အောင်မြင်သူ ၄၃၀၇၅ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၆ ဘာသာဂုဏ်ထူးရှင်အများဆုံး ထွက်ပေါ်ခဲ့သည့် တိုင်းဒေသကြီး ဖြစ်ခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)