ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်များအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိ

လွိုင်ကော် ၂၁  စက်တင်ဘာ

 

ကယားပြည်နယ်သို့ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ် အစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အ.ထ.က(၆) ယာဉ်ရပ်နားစခန်းတွင်သာ ဝင်ရောက်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျစစ်ဆေးပေးခြင်း၊ ကားအဝင်/အထွက် စာရင်းများ ကောက်ယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကုန်တင်ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက အများပြည်သူအကျိုးငှါ တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကယားပြည်နယ် အတွင်းသို့ ကုန်တင်ယာဉ်များ ဝင်ရောက်မည်ဆိုပါက ည ၁၂ နာရီမှ နံနက် ၄ နာရီထိ ပြေးဆွဲခြင်းမပြုရန်၊ ရောက်ရှိလာသည့် ယာဉ်များအနေဖြင့် ကုန်စည်များအား သက်ဆိုင်ရာ နေရာများသို့ တိုက်ရိုက်ပို့ဆောင်ခြင်း မပြုရန်၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးကလည်း သတ်မှတ်ထားသည့် နေရာတွင်သာ နေထိုင်ကြရန်နှင့် သက်ဆိုင်ရာ ကုန်သည်များမှ လာရောက် သယ်ဆောင်သည့် စနစ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

 

အောင်ထွန်းလေး (ပြန်/ဆက်)