ကယားပြည်နယ် တိုင်းရင်းသားတို့၏ စိတ်ဝင်စားဖွယ်ရာ ရိုးရာပွဲတော်များ

ဒေါ်ခင်ခင်စု

အဆိုပါ တိုင်းရင်းသားတို့သည် မိမိတို့၏ ရိုးရာနတ်များ၏ ကူညီမှိုင်းမမှုကိုရစေရန် ရိုးရာပူဇော်ပွဲများအား လူမှုကိစ္စအဝ၀ကို ပြုလုပ်ဆောင်ရွက်ရာတွင် ကျင်းပကြသည်။

ကယားပြည်နယ် တိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များကို (၁) လူမှုရေးမင်္ဂလာပွဲများနှင့် (၂) စီးပွား ရေးနှင့်သက်ဆိုင်သော ရိုးရာပွဲတော်များဟူ၍ ခွဲခြား တင်ပြသွားမည်ဖြစ်ပါသည်။

လူ့ဘဝခရီးတစ်လျှောက်တွင် မီးဖွားရခြင်း၊ မွေးကင်းစကလေးငယ်ကို လူ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ မွေးမြူရခြင်း၊ ရှင်ပြုပေးရခြင်း၊ အရွယ်ရောက်ချိန်တွင် ထိမ်းမြားပေးရခြင်း စသည့်ကဏ္ဍအသီးသီးရှိရာ ထိုကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိသော မိမိတို့၏ ယဉ်ကျေးမှုအလျောက် ကျင်းပရသော မင်္ဂလာအခမ်းအနား အသီးသီးလည်း ရှိပေသေးသည်။ ကျွန်မတို့ မြန်မာတိုင်းရင်းသားများအဖို့ မင်္ဂလာဟူသော စကား၏အဓိပ္ပာယ်မှာ အလုံးစုံ၏ ကောင်းခြင်း၊ ပြည့်ဝခြင်း၊ အလုံးစုံ အထမြောက်အောင်မြင်ခြင်း စသည်တို့ဖြစ်ပါသည်။ မည်သည့်လူမျိုးမဆို မင်္ဂလာဟူသော အထိမ်းအမှတ်ကို အသိအမှတ်ပြုကြပြီး မင်္ဂလာရှိသော အကြောင်းအရာ အဖြစ်အပျက်တို့ကိုကြားနာလို၊ ရှုလိုမြင်လိုကြစမြဲဖြစ်ပါသည်။ ထို့ကြောင့်မင်္ဂလာဆိုသော စကားသည် မြန်မာများအဖို့ အမြတ်တနိုးထားအပ်သော စကားဖြစ်သကဲ့သို့ကယားပြည်နယ် တိုင်းရင်းသားတို့အဖို့မှာလည်း မည်သည့်လုပ်ငန်း မျိုးကိုမဆို မပြုလုပ်မီ မင်္ဂလာရှိသော အတိတ်နိမိတ်ကို အထူးအလေးပြုကာ အထိမ်းအမှတ်ထားလေ့ရှိကြသည်။ ထို့ကြောင့် ကယားပြည်နယ်တိုင်းရင်းသားတို့၏ လူမှုရေးမင်္ဂလာပွဲများဖြစ်သည့် ကလေးအမည်ပေးပွဲ၊ ကလေးချက်ကြွေပွဲ၊ ကလေးထွန်းကားပွဲ၊ အိမ်သစ်တက်ပွဲနှင့် ထိမ်းမြားမင်္ဂလာပွဲစသည်တို့ကို ကျင်းပသည့်အခါတွင် ၎င်းစီးပွားရေးနှင့်သက်ဆိုင်ရာ ရိုးရာပွဲတော် များဖြစ်သည့် တံခွန်တိုင်ပွဲတော်၊ ထမင်းထောင်းစားပွဲ၊ ကောက်ညှင်းထုပ်ပွဲတော်၊ ငှက်လိုက်ပွဲတော်နှင့် တောကောင်လိုက်ပွဲ စသည်တို့ကျင်းပရာတွင် ကြက်ရိုးထိုးကာ နှီးချိုးကာ ဝက်သည်းခြေကို ကြည့်ကာဖြင့် ရက်ကောင်းရက်မြတ်များကို ရွေးချယ်ပြီး မင်္ဂလာယူလေ့ရှိ သည်။

မြန်မာတို့ မင်္ဂလာပွဲအခမ်းအနား ကျင်းပသည့်အခါ အနည်းဆုံး မိမိတို့နေအိမ်မှ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ ခုနစ်အိမ်မှ လူများကို ဖိတ်ကြားရရိုး ထုံးစံရှိပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်တို့ကိုလည်း ကျွေးမွေးဧည့်ခံခြင်းပြု၍ ထိုသူများကလည်း ပြန်လည်၍ မင်္ဂလာပွဲခံယူသူကို ကောင်းချီးသြဘာပေးခြင်း၊ ဆုပေးခြင်းတို့ကို ပြုလုပ်ကြသကဲ့သို့ ကယားပြည်နယ်တိုင်းရင်းသားများကလည်း မိမိတို့မင်္ဂလာပွဲများ ပြုလုပ်သည့်အခါ အနည်းဆုံး အိမ်နီးနားချင်းများနှင့် ရပ်ဆွေရပ်မျိုးများကို ဖိတ်ခေါ်ကျွေးမွေးကာ မင်္ဂလာယူလေ့ရှိကြသည်။ လူမှုရေးမင်္ဂလာပွဲများမှာ ကြီးကျယ်ခမ်းနားမှု မရှိသော်လည်း ဆင်းရဲချမ်းသာမရွေး တိုင်းရင်းသားတို့သည် မိမိတို့ချွေးနှဲစာဖြင့် တတ်အားသမျှ အကုန်အကျခံကာ အဆိုပါ မင်္ဂလာအခမ်းအနားများကို ကျင်းပလေ့ရှိကြသည်။

ကယားတိုင်းရင်းသားတို့၏ ကလေးအမည်ပေးပွဲကြက်သွေးချိုးခြင်း

ကယားတိုင်းရင်းသားများ၏ အိမ်ထောင်စုတစ်စုအိမ်၌ အမျိုးသမီးတစ်ဦး မီးဖွားနေလျှင် အဆိုပါ မီးနေသည် မီးမထွက်မချင်း အိမ်နီးနားချင်း အသိမိတ်ဆွေများ မီးနေသည်အိမ်သို့ မလာကြရချေ။ အကယ်၍ ဤပညတ်ချက်ကို ချိုးဖောက်လျှင် လာဘ်တိတ်သည်ဟုအယူရှိကြလေသည်။ မီးနေသည် မီးထွက်လျှင် မင်္ဂလာပွဲအနေဖြင့် ဆွေမျိုးသားချင်းများကို ဖိတ်ခေါ်ကာ ထမင်းကျွေး၍ ကလေးအမည်ပေးပွဲ ကျင်းပလေသည်။ ကလေးမီးဖွားပြီးလျှင် နှီးချိုးကြည့်ပြီး အဖေဘက်ကဖြစ်စေ၊ အမေဘက်ကဖြစ်စေ အသက်ကြီးသူ အဘိုးအဘွားတို့၏ အမည်တစ်ခုခုကို ပေးလေ့ရှိကြသည်။ နှီးချိုးနည်းမှာ နှစ်မျိုးရှိသည်။ ပထမနည်းမှာ နှီးပြားကလေးကို အကန့်များပြု၍ ညီတူညီမျှတိုင်းကာ အချိတ်ပုံသဏ္ဌာန် ချိုးချခြင်းဖြစ်သည်။ နောက်ဆုံးအကန့်သည် အခြားအကန့်များနှင့် ညီတူဖြစ်နေလျှင် ကောင်းသည်ဟု နိမိတ်ကောက်၍ အကန့်၏ထက်ဝက်ကျော်လျှင် မကောင်းသော်လည်း ဆိုးသည်ဟုမယူနိုင်၊ အကန့်၏ ထက်ဝက်လျော့နေမှသာ လုံးလုံးမကောင်းဟု ယူဆလေသည်။ နောက်တစ်နည်းမှာ နှီးကိုချိုးပြီး “စုံ” ဖြစ်ပါစေ၊ “မ” ဖြစ်ပါစေ ဟု အဓိဋ္ဌာန်ခြင်း ပင်ဖြစ်သည်။ “စုံ” ဆိုလျှင်ကောင်း၍ “မ” ဆိုလျှင်မကောင်းပါ။ အမည်ပေးပြီး ရက်အနည်းငယ် အတောအတွင်းမှာ ကလေးသိပ်ပြီး ငိုကြွေးလျှင်၊ ကလေးမှာ ရွှင်ရွှင်ပျပျမရှိလျှင် ပေးပြီးသားအမည်နှင့် ကလေးမှာ မသင့်တော်ဟုယူဆက တစ်ဖန်နှီးချိုး အဓိဋ္ဌာန်ပြုပြီး အမည်သစ်တစ်ဖန် ထပ်၍ပေးပြန်သည်။ ထို့ကြောင့် ကယားတိုင်းရင်းသားများ၏ ကလေးများတွင် အမည်အနည်းဆုံး နှစ်မျိုး၊ သုံးမျိုးရှိသည်ကို တွေ့ရပါသည်။ အချို့က ကလေးအမည်ကို ကလေး မွေးပြီးလျှင်ပြီးချင်း ပေးလေ့ရှိပြီး အချို့ကမီးထွက်မှ ဧည့်ပရိသတ်များကိုဖိတ်ခေါ်၍ ထမင်း၊ ဟင်း၊ ခေါင်ရေတို့ဖြင့် ကျွေးမွေးဧည့်ခံကာ အမည်ပေးကြပါသည်။ ကလေးအမည်ပေးပွဲတွင် ကလေးကို ရေချိုးပေး၏။

အမည်ပေးပွဲကျင်းပသည့်နေ့တွင် မီးနေသည်ကလေးနှင့်တကွ အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်စူး၍ ကြက်လေးကောင်ကို ကြက်ရိုးထိုးပြီးနောက် တစ်ကောင်စီကို ရိုးရာဓလေ့ထုံးစံအရ အောက်ပါအတိုင်း ပြုလုပ်ကြလေသည်။ ကယားဘာသာ စကားဖြင့် “ရှေးလော့”ခေါ် ကြက်သွေးချိုးရန် ကြက်တစ်ကောင်၏ လည်ပင်းသွေးကိုယူပြီး မီးနေသည်၏ ကျောနှင့်နဖူးတို့ကို သုတ်လိမ်း၍ပေးရသည်။ ယင်းကြက်၏အသားကိုလည်း မီးနေသည်စားရန်အတွက် ထားပေးရသည်။ ထို့နောက် “ရှေးရှီး” ခေါ် ကြက်သွေးကို ဒုတိယကြက်မှ ခွက်တစ်လုံးဖြင့်ခံယူကာ ကင်ပွန်းရေသဘောမျိုး အသုံးချကြ၏။ များသောအားဖြင့် ထိုကြက်သွေးကို ဝါးခြမ်းခွက်ဖြင့် ထည့်ထားလေ့ရှိ၏။ ဝါချည်ကြိုးများတွင် ပုတီးလုံး တစ်လုံးထိပ်မှာချည်ထား၍ ထိုကြိုးတစ်ချောင်းစီကို ကြက်သွေးခွက်ထဲသို့နှစ်၍ မီးနေသည်လာမေးသော ဧည့်သည်များ တစ်ယောက်စီ၏လက်ကို  အိမ်ရှင်ဖခင်ဖြစ်သူက ချီ၍ပေးသည်။ ဧည့်သည်ကလည်း အိမ်အပြန်တွင်အိမ်ရှင်၏ ဝင်းထရံတစ်နေရာရာတွင် ထိုကြိုးကိုပြန်၍ ချိတ်ပစ်ခဲ့ရသည်။ နှုတ်မှလည်း အိမ်သူအိမ်သားများ ဘေးအန္တရာယ်ကင်းရှင်းပါစေဟု ဆုတောင်းပေးခဲ့ရလေသည်။ ကြက်သွေးကို မင်္ဂလာယူကာ ကင်ပွန်းရေသဘောမျိုး သုံးခြင်းပင်ဖြစ်ပါသည်။ ယခုခေတ်တွင် ဗုဒ္ဓဘာသာဝင်ကယားလူမျိုးတို့မှာ ကြက်သွေးသုံးသူများ အလွန်နည်းပါး သွားပြီဖြစ်သည်။ “ရှေးရှီး” ကြက်သားကိုမူ အခြားလူများ မစားရဘဲ သားသမီးမမွေးတော့သော အဘွားကြီးများသာ စားကြသည်။ လူငယ်များ မစားကြရချေ။ “ရှေးမွီ” ခေါ် ကြက်မှာ မွေးကင်းစ ကလေးအမည်အတွက်ဖြစ်သည်။ ယင်းကြက်သားကို မည်သူမျှမစားကြရချေ။ အိမ်သားများစားလျှင် ညီအစ်ကိုမောင်နှမအချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်တတ်သည်ဟု အယူရှိကြလေသည်။ အဆိုပါကြက်ရိုးကိုလည်း ကြက်ရိုးထိုးကြည့်ပြီး ကျပ်ခိုးစင်ပေါ်တွင်တင်ထားရ၏။ ကျပ်ခိုးစင် မပျက်မချင်း ၎င်းကိုယူမပစ်ရချေ။ ခွေးများ၊ ကြောင်များကို ထိုကြက်ရိုးကို စားခွင့်မပြုရချေ။

“ရှေးပယ်”ခေါ် ကြက်မှာ တစ်အိမ်သားလုံး မင်္ဂလာရှိစေရန်ရည်ရွယ်၍ သတ်သဖြင့် ထိုကြက်၏ အသားကိုချက်၍ တစ်အိမ်သားလုံး စားနိုင်သည်။ အခြားလူများကိုလည်း ကျွေးနိုင်သည်။ ကြက်လေးကောင်ကိုသတ်၍ အထက်ပါနည်းအတိုင်း ပြုလုပ်ခြင်းမှာ ပူဇော်ပသတင်မြှောက်သော သဘောမျိုးမဟုတ်သော်လည်း အန္တရာယ်ကင်းရန် ကြက်ရိုးထိုးပြီး ကျွေးမွေးပွဲတစ်မျိုးပင်ဖြစ်၍ ယင်းဓလေ့မှာ ကယားတိုင်းရင်းသားတို့၏ ယုံကြည်မှုတစ်ရပ်ပင်ဖြစ်သည်။ ကလေးအမည်ပေးပွဲသို့ လာရောက်သော ပရိသတ်အချို့က ကလေးကို ခမဲပေးသည့်အနေဖြင့်မူးစေ့၊ မတ်စေ့များကို ပေးကြပါသည်။

ဂေခိုတိုင်းရင်းသားတို့၏ ကလေးချက်ကြွေပွဲ

ဂေခိုတိုင်းရင်းသားတို့သည် မိမိတို့၏ သားသမီးများကို အထူးချစ်ခင်ကြင်နာယုယ သူများဖြစ်ရာ ကလေး၏ ကြီးပွားတိုးတက်အောင်မြင်မှုကို အထူးလိုလားကြသည်။ ထို့ကြောင့် ကလေးမီးဖွားချိန်မှစ၍ ကလေးအတွက် မင်္ဂလာယူလေ့ရှိကြသည်။ မီးဖွားပြီးလျှင် ကလေး၏အချင်းကို အချို့က မြေတွင်မြှုပ်ကြပြီး အချို့က ဝါးလုံးဘူးထဲတွင်ထည့်၍ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ချိတ်၍ထားတတ်ကြသည်။ အချင်းကို မြေကြီးတွင် မြှုပ်နှံခြင်းအားဖြင့် ကလေးမှာ မြေကြီးကဲ့သို့မာ၍ ကျန်းမာသန်စွမ်းပေမည်၊ အသက်ရှည်ပေမည်ဟု အယူရှိကြသည်။ အချင်းကို သစ်ပင်ပေါ်တွင်ချိတ်ထားခြင်းအားဖြင့်လည်း ကလေးသည် သစ်ပင်ကဲ့သို့ ဘုန်းတန်ခိုး မြင့်မားမည်၊ အထက်တန်းကျကျ နေရမည်ဟု အယူရှိကြသည်။

ဂေခိုတိုင်းရင်းသား အမျိုးသမီးတစ်ဦးသည် မီးဖွားပြီး သုံးရက် သို့မဟုတ် ငါးရက်အကြာမှ မီးထွက်လေ့ရှိသည်။ မီးမထွက်မီ မီးဖွားနေသည့်အိမ်ကို အခြားဧည့်သည်များ မလာရချေ။ ထိုအတောအတွင်း အကယ်၍ ဧည့်သည်လာလည်မိလျှင် ကလေးချက်တော်တော်နှင့်မကြွေဟု အယူရှိကြသည်။ ကလေးချက်မှာ များသောအားဖြင့် သုံးရက်၊ လေးရက်လောက်ရှိလျှင် ကြွေလေ့ရှိသည်။

ကလေးချက်ကြွေသောအခါ မီးထွက်သည့်အနေဖြင့် ကလေးချက်ကြွေပွဲဟူ၍ အရပ်ထဲမှလူကြီး လူကောင်းအချို့တို့ကို ဖိတ်ခေါ်ပြီး ကြက်သားဟင်းနှင့်ဖြစ်စေ၊ ဝက်သားဟင်းနှင့်ဖြစ်စေ ထမင်းကျွေးမွေးပါသည်။ ယင်းချက်ကြွေပွဲသို့ လူကြီးများကိုသာ ဖိတ်ခေါ် ကျွေးမွေးခြင်းပြု၍ ကလေးများကိုမူ ကျွေးမွေးလေ့မရှိပါ။ ကလေးများကို ကျွေးမွေးလျှင် ကလေးတို့၏ မျက်စိမှုန်တတ်သည်ဟု ယူဆကြလေသည်။ ကလေးချက်ကြွေပွဲကို ဥစ္စာပစ္စည်း တောင့်တင်းသောသူများက တတ်နိုင်သလောက် အကုန်ကျခံပြီး ကျွေးမွေးကြသည်။ မတတ်နိုင်သူများကမူ အဘိုးအို၊ အဘွားအို လေး၊ ငါးယောက်ကိုသာ ဖိတ်ခေါ်ပြီး ကြက်နှစ်ကောင်၊ သုံးကောင်လောက်နှင့် ထမင်းဟင်းချက်ကျွေးကာ ဧည့်ခံလေသည်။ ဤချက်ကြွေပွဲကို ဆင်းရဲချမ်းသာမရွေး အိမ်ထောင်စုတိုင်းပင် လုပ်လေ့ရှိသည်။

(ဆက်လက်ဖော်ပြပါမည်)

ကြေးမုံ